“ဟိုင်ဂင်သဘောတူညီမှု” နောက်ပိုင်းမှစ၍ ရှမ်းမြောက်ဒေသအတွင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ရှားရာနေရာများ၌ တိုက်ပွဲများသိသိသာသာလျော့နည်းသွားသော်လည်း အခြားတစ်ဖက်တွင် ရက္ခိုင်ဒေသနှင့် ရက္ခိုင့်တပ်တော်လှုပ်ရှားသည့် ရှမ်းမြောက်မဟုတ်သောဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ အထူးသဖြင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်၊ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး၏ (၉၆) ရက်မြောက်နေ့တွင်လည်း လွန်ခဲ့သော ရက်သတ္တပတ်(၂) ပတ်နည်းတူ ကိုးကန့်နှင့် တအောင်း ဒေသများတွင် ထိတွေ့တိုက်ပွဲများ ကြီးကြီးမာမား မရှိခဲ့သည့်တိုင် ရက္ခိုင်ဒေသတွင် ယခင်ရက်များနည်းတူ တိုက်ပွဲများမှာ ပုံမှန်အတိုင်းရှိနေပြီး ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံစစ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ စုပေါင်းပြီးစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြီးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် (၃) လတိတိပြည့်ခဲ့ပြီဖြစ်သည်။ မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့သည် စစ်ရှုံး မင်းအောင်လှိုင် ခေါင်းဆောင်နေသောစစ်ကောင်စီမှ အာဏာသိမ်းသည့် ရက်ပေါင်း (၉၉၉) ရက်ပြည့်မြောက်သည့်နေ့၌ စတင်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ကုန်ဆုံးလျှင်ပင် စစ်ကောင်စီမှ အာဏာသိမ်းသည့် အချိန် (၃) နှစ်ပြည့်တော့မည်ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် အထိ စစ်ဆင်ရေးသုံးလတာပြည့်သည့်တိုင် မိမိတို့၏စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိုင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ်ထားရှိသည့် မပြောင်းမလဲသော သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
စခန်းတစ်ခုပြီးတစ်ခုကို နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေရသော စစ်ရှုံးစစ်ကောင်စီသည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုများကိုသာ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မြို့ရွာများကိုလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုသာ အဓိကထားပြုလုပ်လျက်ရှိသည်။ ဤကဲ့သို့သော စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ယုတ်မာသောလုပ်ရပ်မှာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပျက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် ကမကထပြုမှုတို့ကြောင့် ရရှိခဲ့သော "ဟိုင်ဂင် သဘောတူညီမှု” သည် ယနေ့ဆိုလျှင် တစ်ပတ်တိတိပြည့်ခဲ့ပြီဖြစ်သကဲ့သို့ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည်လည်း (၈၄) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကြီးကို ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ဒေသအတွင်းစတင်ခဲ့ပြီး စစ်ဆင်ရေးအရှိန်အဟုန်သည် ယခင်ရှိနှင့်ပြီးသော တော်လှန်ရေးနယ်မြေများတွင် ကူးစက်ခဲ့ပြီးဖြစ်သည်။ ဟိုင်ဂင်ဆွေးနွေးပွဲတတိယအကြိမ် အပြီးတွင် နှစ်ဖက်သဘောတူညီမှုအချို့ ရရှိခဲ့ပြီးနောက် ရှမ်းမြောက်ရှိ ကိုးကန့်နှင့် တအာင်းဒေသအချို့တွင် နှစ်ဖက်တိုက်ပွဲများ သိသာစွာလျော့ကျသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ အရပ်သား၊ ရပ်ရွာများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ၁၀၂၇ စစ်ဆင်ရေး (၈၃) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် ဆက်၍ရှိနေဆဲဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ