71

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
05 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်တွင် ရှောင်လွှဲ၍မရသော အခြေအနေ တစ်ခုအောက် ခေတ္တရပ်တန့်ခဲ့ရသော်လည်း ၁၀၂၇ စစ်ဆင်ရေးအရှိန်သည်ကား တခြားသောနေရာဒေသများ၌မူ ဆက်၍စီးဆင်းနေဆဲဖြစ်သည်။ 


အထူးသဖြင့် ရက္ခိုင်ဒေသတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ်အား တော်လှန်နေကြသော အခြားနေရာများ၌လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ 


စစ်ကောင်စီအား မြန်မာနိုင်ငံအနှံ့ရှိ တော်လှန်ရေးအဖွဲ့များမှ ရရာလက်နက်ဖြင့် ရရာနည်းလမ်းနှင့် ရသည့်ပုံစံမှ တော်လှန်နေကြသောကြောင့်  ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှလွဲ၍ ကျန်သည့်နေရာများ၌ တစ်ဖွဲ့ချင်း စစ်ဆင်ရေး၊ ပူးတွဲစစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးမျိုးတိုဖြင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲများမှာ ၂၀၂၄ တစ်နှစ်ပတ်လုံးတွင် မြန်မာနိုင်ငံ၏ နေရာအသီးသီး၌ နေ့တိုင်းရှိနေမည့်ပုံပေါက်နေသည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒကို လျစ်လျူရှုသွားမည်မဟုတ်ဘဲ တစ်သွေးတည်းတစ်သားတည်း ရပ်တည်လျက်ရှိပါသည်။ ထို့အပြင် မိမိတို့၏ တစ်ဖွဲ့ချင်းနှင့် စုပေါင်းစစ်ရေး၊ နိုင်ငံ‌ရေးရည်မှန်းချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။


(၁) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့သည် ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်ပြည့်မြောက်ခဲ့ပြီး စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တောင်ပြို (လက်ယာ) စခန်းအား ညနေ(၆) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်၍ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 


တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။


တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း ရဲရင့်ပြောင်မြောက်သော အာရက္ခစစ်သည်အချို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။


အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀) နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ 


(၂) ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာနေသော စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 


စစ်ရှုံးစစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သောစစ်ရာဇဝတ်မှုမှတ်တမ်းများမှာ


(၃) ဖေဖော်ဝါရီလ (၄) ရက်၊ နံနက် (၁၁) နာရီအချိန်ခန့်တွင် စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “ခမရ (၃၇၇) တပ်ရင်း” သည် အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ သရက်ချိုကျေးရွာအနောက်ဘက်ရှိ ဒေသခံကျေးရွာသားများ ပိုင်ဆိုင်သည့် လယ်ကွင်းထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ၎င်းလယ်ကွင်းတွင် စပါးရိတ်သိမ်းနေကြသည့် အသက် (၄၅) နှစ်အရွယ် ကျေးရွာသား (၁) ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အသက် (၇၀) အရွယ် ရွာသား (၁) ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 


(၄) ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌လည်း မြစ်ကြောင်းမှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့် တပ်တော်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီသင်္ဘောမှ တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် “ခမရ (၃၅၄) တပ်ရင်း” မှလည်း လက်နက်ကြီးများဖြင့် ညအချိန်မတော် ရမ်းကားပစ်ခတ်လျက်ရှိသည်။


(၅) ရက္ခိုင်ပြည်၊ ရမ်းဗြဲ၊ သိမ်တောင်ဘုရားကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့နှင့် အနီး အနားနေရာများသို့ လက်နက်ကြီးများဖြင့် နံနက် (၆) နာရီ (၄၀) မိနစ်အချိန်တွင် (၂) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။


ယမန်နေ့ နောက်ဆက်တွဲတိုက်ပွဲသတင်းများအနေဖြင့် 


(၆) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းနေ အသက် (၄၇) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦး အပါအဝင် မြစ်နားတန်းရပ်ကွက်မှ ဒေသခံအမျိုးသမီး (၃) ဦးတို့အား အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်နှင့် စရဖပူးပေါင်းအင်အား (၂၅) ဦးသည် နေအိမ်အတွင်းသို့ အင်အားသုံးဝင်ရောက်လာကာ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

(၇) စစ်တွေ၊ ပါဒလိတ်ရှိ စစ်ကောင်စီ၏ “အမှတ် (၂၃၂) တပ်ရင်း” မှ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ ဒေသခံအမျိုးသမီး (၁) ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရပြီးဖြစ်သည်။ 


(၈) ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် အနီးအနား‌ကျေးရွာများဖြစ်သည့် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာကျေးရွာများသို့ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ထိုသို့ စစ်ကောင်စီ၏အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လူမဆန်စွာ ဖက်ဆစ်စိတ်ဓါတ်အပြည့်ဖြင့် တမင်တကာ တိုက်ခိုက်မှုများကြောင့် ရသေ့တောင်မြို့ပေါ်ဒေသခံများသည် မြို့မှစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဤသည်ကို အခွင့်ကောင်းယူ၍ သင်္ဘောတောင်နှင့် စည်ကားတောင်၌ တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ဆိုင်ခန်းပေါင်း (၇၅) ခန်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားခဲ့ကြသည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်