39

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


ယနေ့သည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၇၅) ရက်မြောက်နေ့ဖြစ်သည်။ (၇၅) ရက်မြောက်နေ့ကို  ရောက်ရှိခဲ့သည့်တိုင် မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ယခင်ရက်များကဲ့သို့ စစ်ဆင်ရေးကို ပုံမှန်ဆက်လက်ဆင်နွှဲလျက် ရှိပြီး မပြီးပြတ်သေးသည့် စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ 


တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသောဆန္ဒ ဖြစ်သည့် "စစ်အာဏာရှင်စနစ်အမြစ်ပြုတ်စေရေး" ကို များစွာအထောက်အကူပြုလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။ မိမိတို့၏စစ်ဆင်ရေးနှင့်အတူ ရရှိလာခဲ့သော စိတ်ဓာတ်ခွန်အားများ ယခုနှစ်များအတွင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့အစည်းများထံသို့လည်း တော်လှန်ရေးခွန်အား ဓာတ်ကူးပေးနိုင်ခဲ့ပြီးဖြစ်သည်။ စစ်ဆင်ရေးအရှိန်ကို ဆက်လက်မြှင့်တင်ပြီး တော်လှန်ရေးအောင်ပွဲများကို နေ့တိုင်းရယူနိုင်ရေးအတွက် အထူးကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းလိုက်ပါသည်။


ရှမ်းမြောက်တွင် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များ၊ သိမ်းပိုက်ရယူရမည့်စခန်းများနှင့် မြိုကြီးအချို့ ကျန်နေသေးသည်။ ထို့အတူ ရက္ခိုင်ဒေသတွင်လည်း ရက္ခိုင့်တပ်တော်အနေနှင့် သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များကို အပြည့်အဝရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။


ယခုရက်များအတွင်း စစ်ကောင်စီသည် စစ်ရေးပစ်မှတ်နှင့် တိုက်ပွဲအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းထက် အရပ်သားပစ်မှတ်၊ ရပ်ရွာများကို ယုတ်မာစွာ လာရောက်ပစ်ခတ်တိုက်ခိုက်သည့်အရေအတွက်က ပိုများလျက်ရှိနေသည်။


(၁) ရှမ်းမြောက်ဒေသတွင်းရှိ နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာ၌ ယနေ့တွင်လည်း တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ကောင်စီနှင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ်အတွင်း ရန်သူဘက်မှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။ 


(၂) ယနေ့တွင်လည်း ယခင်ရက်များနည်းတူ စစ်ရေးအထိနာနေသည့် စစ်ကောင်စီဘက်မှ ရှမ်းမြောက်ဒေသအတွင်းရှိ မိမိတို့ သိမ်းပိုက်ရယူထားပြီးဖြစ်သည့် မိုးမိတ်မြို့နယ်ရှိ “ကျန်ကန်တပ်စခန်း” သို့ လက်နက်ကြီးဖြင့် (၂) ကြိမ်အပြင် ဂျက်ဖိုက်တာ ဖြင့်ပါ (၂) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


အလားတူပင် လားရှိုးမြို့နယ်၊ ပန်ဟုံကျေးရွာ၊ ပန်ခေါ်ကျေးရွာ၊ မိုင်းပါးကျေးရွာနှင့် ဟိုလောင်ကျေးရွာများသို့လည်း ရန်သူ့ Y12 လေယာဉ်မှ (၆) ကြိမ်လာ‌ရောက်၍ ဗုံးပေါင်း (၂၈) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းမှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ်နှင့် လားရှိုးမြို့နယ်ရှိ ရန်သူ့ “(၆၈) ဂိတ်တပ်စခန်း” မှ လည်း ဟိုလောင်ကျေးရွာနှင့် ပန်ဖတ်ကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၁၆) ကြိမ်တိုင်အောင် ပစ်ခတ်တိုက်ခိုက်ခဲ့ ပြန်သည်။ 


(၃) ယနေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းအခြေစိုက် “ခမရ (၅၅၀) တပ်ရင်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ဒီပါရုံ‌ကျေးရွာနှင့် တောင်တန်းများဘက်သို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ အဆိုပါကျည်များထဲမှ လက်နက်ကြီးကျည် (၁) လုံးသည် တောင်ခြေရင်းရှိ လယ်ကွင်းနားသို့ ကျရောက်ပေါက်ကွဲခဲ့၍ အသက် (၆၅) နှစ်အရွယ် ဒေသခံလယ်သမား (၁) ဦး၏ ညာဘက်လက်မောင်း၌ ကျည်စဖောက်ဝင်သွားခဲ့သည်။ 


(၄) ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ သကျမာရ်အောင်အနီး၌ အကြမ်းဖက်စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “ခမရ (၅၄၀) တပ်ရင်း” မှ အင်အား (၅၀) ကျော်ခန့်ပါရှိသည့် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့ မိနစ်အနည်းငယ်ကြာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူဘက်မှ မျက်မြင် (၁၅) ဦးထက်မနည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူများလည်း ရှိခဲ့သည်။ အကျအဆုံးများ၍ အထိနာနေသည့် ရန်သူ့စစ်ကြောင်းသည် မြို့အတွင်းသို့ ဆောက်တည်ရာမရထွက်ပြေးစဉ် ဒေသခံအပြစ်မဲ့အရပ်သား (၃) ဦးအား လူသားဒိုင်းကာအဖြစ် ၎င်းတို့၏ တပ်ရင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် ဓါးစာခံ (၃) ဦးစလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 

  

တစ်ရက်တည်းမှာပင် ညနေ (၅) နာရီ (၃၀) မိနစ်အချိန်ခန့်၌လည်း စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “ခမရ (၅၄၀) တပ်ရင်း” မှ မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် အငြိုးအတေးထားကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ ထို့ကြောင့် လက်နက်ကြီးကျည်ထိမှန်၍ အပြစ်မဲ့ပြည်သူ (၁) ဦး ထပ်မံသေဆုံးခဲ့ရကာ ကလေးငယ် (၁) ဦးအပါအဝင် စုစုပေါင်း (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၅) ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်ရေးနယ်မြေဖြစ်လာရန်အတွက် မြို့အနီးပတ်ဝန်းကျင်ရှိ ရန်သူ၏ အနည်းငယ်သော လက်ကျန်တပ်စခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်လျက်ရှိသည်။ ထို့ကြောင့် ရန်သူသည် ၎င်းတို့လက်ကျန်စခန်းအချို့ လက်လွှတ်မဆုံးရှုံးစေရေးအတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံနေရသည့်အတွက် တိုက်ပွဲများမှာ ယနေ့တစ်နေ့လုံး ဆက်လက် ပြင်းထန်နေခဲ့သည်။ 


ပလက်ဝဒေသအတွင်း စစ်ရေးအထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီမှ စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူလူထုအား အငြိုးအတေးထားကာ ပလက်ဝမြို့နှင့်အနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤသို့ လေကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပလက်ဝမြို့နယ်၊ မီးဝကျေးရွာမှ ဒေသခံသက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးခဲ့ရပြီး လူနေအိမ် (၁) လုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရသည်။ 


(၆) ရက္ခိုင့်တပ်တော် (AA) စစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကြိုကြားကြိုကြား တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။ 


နောက်ဆက်တွဲသတင်းအနေဖြင့်--


(၇) ဇန်နဝါရီလ (၇) ရက်နေ့၊ ည (၇) နာရီကျော်အချိန်တွင် ကိုးကန့်အထူးဒေသ (၁)၊ မူပန် (သိန္နီ) ခရိုင်၊ မိုင်းယော်အနီး တစ်ဝိုက်သို့ ရန်သူ့ဂျက်ဖိုက်တာမှ (၄) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့အရပ်သား (၄) ဦး သေဆုံးခဲ့ ရသည်။ ထို့အပြင် အရပ်သားပြည်သူနေအိမ် (၁၀) လုံးနီးပါးမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ 



မိမိတို့၏စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်