40

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေး၏ ထိုးစစ်အရှိန်နှင့် စစ်ဆင်ရေး၏အရသာအား ရှမ်းမြောက်ဒေသအတွင်းရှိ စစ်ကောင်စီ၏ ဒကစ၊ ဗျူဟာ၊ တပ်မ၊ တပ်ရင်းနှင့် တပ်စခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြည်းစမ်းဖူးကာ မည်ရွေ့မည်မျှ အရသာ ရှိကြောင်း အသက်မသေဘဲ လွတ်မြောက်သွားကြသူများ (သို့) မိမိတို့မှ သဘောထားကြီးစွာဖြင့် အသက်ရှင်ခွင့် ပေးလိုက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များမှ ကောင်းစွာသိရှိနားလည်ထားပြီးဖြစ်သည်။ 


မြန်မာစကားပုံတွင် "တစ်လုတ်စားဖူးသူ့ကျေးဇူး" ဟူသည့်စကားပုံသာရှိသည်။ သို့သော်လည်း ယခု ၁၀၂၇ စစ်ဆင်ရေး တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထို့ထက်ပိုသောကျေးဇူးများရှိခဲ့ကာ မိမိတို့၏ စေတနာ၊ သဘောထားကြီးမြတ်မှု နှင့် ကျေးဇူးတရားများကို အသက်မသေဘဲ ရှင်သန်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှ အကြွင်းမဲ့နားလည်လက်ခံ၍ တန်ဖိုးထားအမှတ်ရနေမည်ဖြစ်ကြောင်းကိုလည်း မိမိတို့အနေဖြင့် အပြည့်အဝယုံကြည် သည်။


၂၀၂၄ ခုနှစ်၏ ဒုတိယရက်သတ္တပတ်အတွင်းသို့ ရောက်ရှိလာသည့်  မိမိတို့၏ စစ်ဆင်ရေးကြီးသည် (၇၆) ရက်မြောက် နေ့သို့ ရောက်ရှိလာသည့်တိုင် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များအား ရပ်တန့်နေခြင်းမရှိဘဲ ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။


ယနေ့တွင်လည်း မိမိတို့၏ စစ်ဆင်ရေးလှုပ်ရှားရာနယ်မြေအချို့တွင် မပြီးပြတ်သေးသည့် တိုက်ပွဲများ ဆက်လက် ရှိနေခဲ့သည်။ စစ်၏အရှုံးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရသည့် စစ်ရှုံးကောင် စစ်ကောင်စီသည် အရပ်သားပြည်သူများ၊ အဆောက်အအုံများနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါ အငြိုးအတေးကြီးစွာဖြင့် မိုက်ရူးရဲဆန်စွာ စစ်ရေးတုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ရာဇဝတ်မှုများကိုပါ မထူးဇာတ်ခင်းသည့်အနေဖြင့် ဆက်လက်ကျူးလွန်လျက်ရှိသည်။


(၁) ရှမ်းမြောက်ဒေသအတွင်း မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ်များတွင် ယခင်ရက်များကဲ့သို့ တအာင်းတပ်မ‌တော် (TNLA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ယနေ့တွင်လည်း ရန်သူသည် Mi-17 ထောက်ပို့ လေယာဉ်ဖြင့် နမ့်ခမ်း၊ မန်တပ်စခန်းတွင် (၁) ကြိမ်နှင့် မူဆယ်မြို့ ၌လည်း (၁) ကြိမ် စစ်လက်နက်ဖြည့်တင်းခဲ့သည်။ 


(၂) ယနေ့တစ်ရက်တည်းတွင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ဟိုလောင်‌ကျေးရွာ၊ နာနောင်ကျေးရွာ၊ ပန်ဖတ်ကျေးရွာ နှင့် မိုင်းယော်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၂၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ရန်သူသည် လားရှိုးမြို့နယ်အတွင်းမှ လွယ်ကန်ဟောင်း‌ကျေးရွာ၊ ရန်အောင်မြင်၊ ပန်နားကျေးရွာနှင့် ဟိုလောင်‌‌ကျေးရွာများသို့လည်း ဂျက်ဖိုက်တာဖြင့် (၃) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၅) ကြိမ် လာရောက်ကာ ဗုံးအလုံးပေါင်း (၂၇) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ 


အလားတူပင် နမ္မတူမြို့နယ်၊ မန်လီကျေးရွာ၌လည်း ရန်သူ့ဂျက်ဖိုက်တာသည် (၂) ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ စာကြည့်တိုက်၊ စာသင်‌ကျောင်းအပါအဝင် လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ရသည်။ 


(၃) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၄) နာရီခွဲအချိန်ခန့်၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက် အခြေစိုက် စစ်ကောင်စီ၏ “အမြောက်တပ် (၃၇၇) တပ်ရင်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအား ဦးတည်ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များထဲမှ တစ်လုံးသည် အပေါက်ဝကျေးရွာ၊ ပေါ်တော်မူရပ်ကွက်မှ နေအိမ်တစ်ဆောင်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၃၅) နှစ်အရွယ်နှင့် အသက် (၆၅) နှစ်အရွယ်ရှိ ဒေသခံအမျိုးသား (၂) ဦး သေဆုံးခဲ့ရသည်။ 


(၄) ရက္ခိုင်ပြည်သူလူထုအား လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဉ်နှင့်အမျှ ရမ်းကားပစ်ခတ်ပြီး စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မင်းပြားမြို့အခြေစိုက် တပ်ရင်းများဖြစ်သော ခမရ (၃၇၉) ၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ယနေ့  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့် မှစ၍ ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံလျက်ရှိသည်။ တိုက်ပွဲအတွင်း အကျအဆုံးများနှင့် အထိနာလျက်ရှိသော ရန်သူသည် မင်းပြားမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ယနေ့တစ်ရက်တည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖားပြိုကျေးရွာမှ ဒေသခံအမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး ဆရာတော် (၁) ပါး အပါအဝင် အပြစ်မဲ့ဒေသခံ (၅) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အလားတူပင် မင်းပြားမြို့၊ ဖလောင်းပြင်ကျေးရွာမှ နေအိမ် (၁) လုံးပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မီးလောင်ပြာကျခဲ့ရသည်။

တစ်ဆက်တည်းမှာပင် နေ့လယ်ပိုင်းကလည်း ရန်သူ့ဂျက်ဖိုက်တာမှ မင်းပြားမြို့အား လူမဆန်စွာ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မင်းပြားမြို့မစျေးကြီး မီးလောင်ခဲ့ရပြန်သည်။ ယနေ့တစ်နေ့လုံးတွင် မင်းပြားမြို့ ၌ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာအပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ နေရာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။


(၅) ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းမှ ယနေ့၊ နံနက် (၁၁) နာရီခွဲအချိန်၌ ရက္ခိုင်ရှေးဟောင်းနန်းမြို့တော် မြောက်ဦးမြို့အား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ ထိုသို့ပစ်ခတ်ရာတွင် စစ်ကောင်စီသည် မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ရန် အဆိုပြုထားသည်ကို သိပါလျက် ရက္ခိုင်လူမျိုးတို့၏ အသည်းနှလုံးဟုတင်စားကြသည့် မြောက်ဦးနန်းတော်ရာကုန်းကို လက်နက်ကြီးဖြင့် (၆) ကြိမ်တိုင်တိုင် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား  ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းပင်ဖြစ်သည်။


ယင်းအပြင် ခမရ (၅၄၀) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့သည် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်သို့ လည်း ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအမျိုးသား (၁) ဦးမှာလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြန်သည်။ ညနေ (၄) နာရီအချိန်တွင်လည်း စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “ခမရ (၃၇၇) တပ်ရင်း” မှ မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးဖြင့် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ဝါဈီးရပ်ကွက်၊ ဝါဈီးတံတားအနားရှိ လူနေအိမ် (၂) ဆောင်မှာ မီးဟုန်းဟုန်း တောက်လောင်ကာ ပြာကျခဲ့ရသည်။


(၆) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ထိပ်ဖူးတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီ၏ “တပ်မ (၂၂)” လက်အောက်ခံ “ခမရ (၂၀၉) တပ်ရင်း” မှ တပ်ဖွဲ့ဝင်များသည် တောင်အနီးတစ်ဝိုက်နှင့် ပတ်ပတ်လည်၌ မိုင်းထောင်ထား မှုကြောင့် စားဝတ်နေရေးအတွက် ထင်းသွားခွေသည့် ဖုံညိုလိပ်ကျေးရွာမှ အသက် (၂၅) နှစ်အရွယ် မွတ်ဆလင်အမျိုးသား (၁) ဦးသည် မိုင်းနင်းမိခဲ့ရာမှ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ရပြီး ဘယ်ဘက်ခြေ‌ထောက်၌ပါ ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်။


(၇) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ၏ “ဗျူဟာကုန်း” နှင့် “တပ်မ (၂၂)” တို့မှ ပူးပေါင်းတပ်ဖွဲ့ဝင် များသည် ယနေ့၊ နံနက် (၄) နာရီအချိန်ခန့်က ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအတွင်းဝင်ရောက်လာပြီး အပြစ်မဲ့ ဒေသခံအမျိုးသား (၄) ဦးအား အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 


(၈) ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့အား ယမန်နေ့၊ ညနေပိုင်းက စစ်ကောင်စီဘက်မှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တုန်ချိန်ရပ်ကွက်အတွင်းရှိ ပြည်သူလူထုပိုင်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်