38

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေး၏ (၇၄) ရက်မြောက်နေ့တွင် အောက်ပါနေရာများ၌ စခန်းသိမ်းတိုက်ပွဲများ၊ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများနှင့်အတူ စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့သည်။


တခြားတစ်ဘက်တွင်လည်း မိမိတို့အနေဖြင့် မပြီးပြတ်သေးသည့် စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။


(၁) ရှမ်းမြောက်ဒေသတွင်းရှိ နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာတွင် ယခင်ရက်များကဲ့သို့ တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်။ 


(၂) စစ်ကောင်စီ၏ စစ်ရေးအရဗျူဟာကျသည့် ကွတ်ခိုင်နှင့် သိန္နီမြို့နယ်များရှိ စစ်စခန်းကြီးများအား မိမိတို့မှ ယမန်နေ့က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ရန်အောင်မြင်နှင့် ပန်သရောကျေးရွာများသို့ Y12 လေယာဉ်ဖြင့် (၈) ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၅) ကြိမ်လာရောက်ကာ ဗုံး (၂၅) လုံးတိုင်အောင် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ဆက်တည်းမှာပင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “(၆၈) ဂိတ်တပ်စခန်း” မှ ဟိုလောင်ကျေးရွာနှင့် ပန်ဖတ်ကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၁၆) ကြိမ် အပြင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း သုံးဆယ်ကျေးရွာသို လက်နက်ကြီးဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများနေထိုင်ရာရပ်ရွာများသို့ လေကြောင်းဖြင့် တမင်တကာ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ယမန်နေ့တစ်ရက်တည်းတွင် လားရှိုးမြို့နယ်နှင့် နမ့်ဆန်မြို့နယ်များ၌ အပြစ်မဲ့အရပ်သား ပြည်သူ (၉) ဦး သေဆုံးခဲ့ရကာ (၆) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စာသင်‌ကျောင်းအပါအဝင် လူနေအိမ် စုစုပေါင်း (၂၇) လုံးနီးပါး လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 


(၃) ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် ပြည်သူလူထုအား လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်အနိုင်ကျင့်နေခဲ့ သည့် စစ်ကောင်စီ၏ “မြောက်ဦး၊ သင်းကျစ်တော်တောင်စခန်း” အား ယမန်နေ့၊ ညနေ (၄) နာရီအချိန်၌ ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။ စခန်းကုန်းသိမ်းတိုက်ပွဲအတွင်း ရန်သူဘက်မှ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ခဲယမ်းအများအပြားတို့ကို သိမ်းဆည်းရရှိခဲ့သည်။ 


ယမန်နေ့၊ ညသန်းခေါင် (၁၂) နာရီအချိန်ခန့်ကလည်း ရန်သူ့ဂျက်ဖိုက်တာမှ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာနှင့် တိန်ညို‌ကျေးရွာအနီးတစ်ဝိုက်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အိုးထိမ်းကျေးရွာရှိ ‌နေအိမ်အချို့မှာ လက်နက်ကြီး ကျည်ထိမှန်၍ လုံးဝပျက်စီးခဲ့ရသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာအတွင်းသို့ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ 


(၄) ရက္ခိုင့်တပ်တော် (AA) သည် ပလက်ဝဒေသတစ်ခုလုံးရှိ ရန်သူ့စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ပလက်ဝအနောက်ဘက်ခြမ်းရှိ ရန်သူ့စခန်းအားလုံးမှာလည်း ရက္ခိုင့်တပ်တော်လက်ထဲသို ကျရောက်ခဲ့ပြီဖြစ်သည်။ ထို့အတူ တစ်ပြိုင်နက်တည်းတွင် ပလက်ဝပတ်ဝန်းကျင်အနီး၌ သိမ်းပိုက်ရန်ကျန်ရှိနေသေးသောစခန်းများအား တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစား ဆောင်ရွက်လျက်ရှိသည်။


(၅) ယနေ့၊ နံနက် (၆) နာရီဝန်းကျင်၌ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့သည်။ 


(၆) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြို့တွင်း စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။


(၇) ယမန်နေ့၊ ညသန်းခေါင်အချိန် (၁) နာရီခန့်၌ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်နေ အရပ်သား မွတ်ဆလင် (၃) ဦးအားလည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်တပ်ရင်းများဖြစ်ကြသည့် “ခမရ (၂၃၃)” နှင့် “ခမရ (၂၆၃)” တို့မှ နေအိမ်များအတွင်းသို့ အတင်းအဓမ္မ အင်အားသုံးဝင်ရောက်၍ မတရားဖမ်းဆီးခေါ်ယူသွားခဲ့သည်။ 


(၈) အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရန်သူ့လက်ကိုင်တုတ်တပ်ဖွဲ့ဝင်များ၏ လက်တစ်ဆုပ်စာ အာဏာစက်လွှမ်းမိုးရာ ရက္ခိုင်ပြည်၊ စစ်တွေမြို့၌ တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် နိုင်ထက်စီးနင်းဗိုလ်ကျကာ အင်အားသုံးဖမ်းဆီးခြင်းများ၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းများနှင့် ပိုင်ဆိုင်မှုပစ္စည်းများအား လုယက်ခြင်းတို့ကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်လာနေသည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်