41

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့၏ နယ်မြေများတွင် ယနေ့၌ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ၊ ထိုးစစ်များမရှိခဲ့သော်လည်း တအာင်းနှင့် ရက္ခိုင်ဒေသများ၌မူ စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများမှာ ယခင် ရက်များနည်းတူ အပြောင်းအလဲမရှိ ဆက်လက်ရှိနေခဲ့သည်။


(၁) ယနေ့တစ်ရက်တည်းတွင် စစ်ကောင်စီတပ်မှ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်၊ ပန်ခေါ် ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းဆာကျေးရွာများ အနီးတစ်ဝိုက်သို့ Mi-35 ရဟတ်ယာဉ်ဖြင့် (၉) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၅) ကြိမ် တိုင်လာရောက်၍ ဗုံး (၁၃၀) ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာများသည် နမ့်ဆန်မြို့နယ်၊ ကွမ်းဟယ်ကျေးရွာအား (၂) ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ 


တစ်ဆက်တည်းမှာပင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့နယ်သို့ လက်နက်ကြီးဖြင့် (၅) ကြိမ်၊ မိုးကုတ် မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကုန်းဆာကျေးရွာ၊ ပန်တားကျေးရွာနှင့် ပန်ဖတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃၄) ကြိမ်နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှ နမ့်ယွန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်ဖြင့် ယနေ့တစ်ရက်တည်းတွင် လက်နက်ကြီးပစ်ခတ်မှုပေါင်း (၄၆) ကြိမ်တိုင် ပြုလုပ်ခဲ့သည်။ 


(၂) ရက္ခိုင်ပြည်၊ မင်းပြားမြို့အား ယနေ့၊ နံနက် (၆) နာရီအချိန်မှစ၍ နေ့လယ်ပိုင်းအချိန်ထိ စစ်ကောင်စီ၏ ဂျက်တိုက် လေယာဉ်၊ Mi-35 ရဟတ်ယာဉ်နှင့် စစ်သင်္ဘောများဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေ့လယ် (၂) နာရီ (၃၀) မိနစ်အချိန်ခန့်၌ ရန်သူ့နေဗီမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် အဆိုပါနေဗီမှ ရန်သူ့တပ်ဖွဲ့ဝင်များသည် မင်းပြားမြို့အတွင်းသို့ ဝင်ရောက်ကာ မြို့ပေါ်ရပ်ကွက်ရှိ ‌နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 


(၃) ယနေ့၊ နံနက်ပိုင်းက ရက္ခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ၏ “အမှတ် (၁၂) ရဲတပ်ရင်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ပေါက်တောမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နံနက် (၉) နာရီကျော်ခန့်၌လည်း ဒရုန်းများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤသို့ပစ်ခတ်တိုက်ခိုက်ခဲ့သော ရန်သူ့ လက်နက်ကြီးများထဲမှ လက်နက်ကြီးကျည်နှင့် Drop Bomb များသည် ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံအမျိုးသား (၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။


ထို့အပြင် နံနက် (၈) နာရီအချိန်၌ ရန်သူ့နေဗီ (၂) စီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၃၀) ကျော်သည် ပေါက်တော မြို့နယ်၊ တောင်းဖူးကျေးရွာသို့ ဝင်ရောက်လာခဲ့၍ ကျေးရွာတွင်းရှိ ရွာလုံးကျွတ်နီးပါး နေအိမ်များအား ဓါတ်ဆီ လောင်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ တစ်ဆက်တည်းမှာပင် ညနေပိုင်းအချိန်၌ စစ်ကောင်စီ၏ နေဗီသင်္ဘောများမှလည်း ပေါက်တောမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်နေခဲ့သည်။ 


(၄) ယနေ့တွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သည်။ 


(၅) ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်၏ အပြီးသတ်စခန်းသိမ်းတိုက်ပွဲများနှင့်အတူ နှစ်ဘက်တိုက်ပွဲများ ပြင်းထန် လျက်ရှိသည်။


မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်