....

PSLF/TNLA အကြောင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-မိတ်ဆက်



၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ သေနတ်ကိုင်တပ်ရင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA အဖြစ် ၁၉၇၆ ခုနှစ်တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌ တားခွန်သောင်း ၏ ဦးဆောင်မူအောက်တွင် ပလောင်အမျိုးသား လွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်ဓါတ်ကို ခိုင်မာစွာစည်းရုံးလှုံ့ဆော်နိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လမ်းစဉ်များကို မှန်ကန်စွာ ချမှတ်ကျင့်ဆောင်နိုင်ခဲ့သည်။

သို့သော် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်သည် နဝတ စစ်တပ်၏ဖြတ်လေးဖြတ် အပါဝင်နည်း မျိုးစုံ ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၁၉၉၁ ဧပြီလ(၁၂) ရက်နေ့တွင် နဝတ နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ရသည်။ ထို့နောက် နဝတ ဖြစ်လည်း နအဖ စစ်အုပ်စု ကကောက်ကျစ်သည့် နည်းပရိယာယ် အမျိုးမျိုးဖြင့် အင်အားသုံး ဖိအားပေးမှုကြောင့် ၂၀၀၅ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် လက်နက်အပ်ခဲ့ရပါသည်။



နအဖ ဖက်ဆစ်စစ်ဝါဒီတို့သည် နည်းလမ်းအမျိုးမျိုးသုံးကာ တအာင်းအမျိုးသားတို့၏ လက်နက်ကိုရုပ်သိမ်းနိုင်ခဲ့သော်လည်း တအာင်းအမျိုးသားတို့၏ အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်ဓါတ်ဟာ တအာင်းအမျိုးသား ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ဆက်လက်ရှင် သန်နေမည်ဖြစ်သည်။

PSLA အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုတွင် အဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ်စေလွှတ်ထားသော ပလောင်လက်နက်ကိုင်တပ်ဖွဲ့သည် ပလောင်ဒေသရှိ မိခင်အဖွဲ့အစည်းသို့ မပြန်တော့ပဲ မာနယ်ပလောတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် တော်လှန်ရေး အင်အားစုများ၏ အကူအညီဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့တွင် ပလောင်ပြည်နယ်‌လွတ်မြောက်ရေးတပ်ဦး PSLF ကိုဖွဲ့စည်းကာ ပလောင်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြ သည်။



ထိုနောက်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)၏ ကူညီပံ့ပို့ပေးမှု အောက်တွင် PSLF တပ်ဖွဲ့ဖြင့် WNO အဖွဲ့အစည်း နှင့်အတူ စစ်ရေးလုပ်ငန်းများကို ယနေ့အထိ ပူးတွဲလှုပ်ရှားလာခဲ့ပါသည်။

နောက်ပိုင်းတွင် လက်နက်ကိုင်လှုပ်ရှားမှုကို ပလောင်ဒေသအတွင်းဝင်ရောက်လှုပ်ရှားနိုင်ရန်အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် ယခင် PSLA စစ်ဦးစီးချုပ်ဖြစ်သည့် တားညီလုံနှင့်ညိုနှိုင်း တိုင်ပင်ပြီး ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLA ကို ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းလှုပ်ရှားခဲ့ပါသည်။

သို့သော် တားညီလုံ ကွယ်လွန်သွားပြီးနောက် အခက်အခဲအမျိုးမျိုးကြောင့် ပလောင်တပ်ဖွဲ့လုပ်ငန်းများ မျှော်မှန်းသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ချေ။

ပလောင်(တအာင်း)ဒေသကို လက်တွေ့ကာကွယ်နိုင်ရန်အတွက် ပလောင်တပ်ဖွဲ့ တစ်ဖွဲ့မရှိမဖြစ်လိုအပ်သည့် အခြေအနေဖြစ်လာသောကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့်တပ်ဦး၏တတိယအကြိမ် ညီလာခံ၌ PSLA တပ်မှူးကြီးများအချိုနှင့်စုစည်းကာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် Ta’ang National Liberation Army(TNLA)ကို အတည်ပြုဖွဲ့စည်းခဲ့ကြသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တအာင်းလူငယ်များကိုစုစည်းပြီး ကေအိုင်အေ တပ်မဟာ ၃ ရှိဝါရာ ဘုမ်တွင် စစ်ပညာများစတင်လေ့လာရယူကာ ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ကချင်ပြည်နယ်မှ တအာင်းဒေသအတွင်းသို့ ခရီးရှည်ချီတက်ခဲ့ပြီး တအာင်းတပ်ဖွဲ့ TNLA ကို လက်တွေ့အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့သည်။



 

နိုင်ငံရေးဦးတည်ချက်

(က) တအာင်းအမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။

(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး။

(ဂ ) လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး။

(ဃ) အမျိုးသားတန်တူရေးနှင့် အမျိုးသားကိုယ်ပိုင်ပြဌာန်ခွင့် ရရှိရေး။

(င) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး။

 

လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ်

(က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေးလုပ်ငန်းစဉ်။

၁။ တအာင်းပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ကာ နည်းလမ်းသဏ္ဌာန်ပေါင်းစုံဖြင့် အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်သွားမည်။

၂။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ အစရှိသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မဟာမိတ်ပြုကာ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မည်။

၃။ နိုင်ငံရေးအရတန်းတူညီမျှမှုရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရအာမခံမှုရှိသည့် တအာင်းပြည်နယ်

ရရှိရေးအတွက် တအာင်းပြည်သူတရပ်လုံးကို စည်းရုံးလှုံ့ဆော်ကြိုးပမ်းဆောင်ရွက်သွားမည်။


၄။ တော်လှန်းရေးအင်အားစုများနှင့် အတူပူးပေါင်းကာ မြန်မာစစ်တပ်နှင့် မြန်မာအစိုးရအားနည်းလမ်း ပေါင်းစုံဖြင့် ဖိအားပေးပြီး စစ်မှန်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားမည်။

 

၅။ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေးအတွက် နိုင်ငံတကာအကူအညီ အထောက် အပံ့များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်။

 

(ခ) အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်

၁။ အမျိုးသားလွတ်မြောက်ရေးအတွက် တရားမျှတသော တော်လှန်ရေးတိုက်ပွဲကို တအာင်းပြည်သူတရပ်လုံးက နားလည်သဘောက်ပေါက်သက်ဝင်ယုံကြည်လာပြီး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက် သွားမည်။

 

၂။ မိမိတို့ တအာင်းပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုအတွင်း မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်း သော အမျိုးသားရေးဝါဒီကို ဆန့်ကျင်တိုက်ခိုက်သွားမည်။

၃။ စစ်အုပ်စုသွေးခွဲမှုကြောင့် ရပ်တည်ချက်အမြင်အမျိုးမျိုးကွဲပြားနေသော တအာင်းဒေသအတွင်းရှိအဖွဲ့ အစည်းအသီးသီးတို့ကို စည်းရုံးလှုပ်ရှားကာ ပလောင်အမျိုးသားလွတ်မြောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်။

၄။ တိုင်းရင်းသားစည်းလုံညီညွတ်ရေးအတွက် မြန်မာစစ်အုပ်စု၏ သွေးခွဲဝါဒဖြန့်မှုများကို ဆန့်ကျင်တိုက် ဖျက်သွားပြီး၊ စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်။

 

၅။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို အာမခံပေးနိုင်သည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်။

 

(ဂ) နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေးလုပ်ငန်းစဉ်

၁။ တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် သိပ်သည်းကျစ်လစ်ပြီးအရည်အချင်းရှိသော တပ်ဉီးဖြစ် လာစေရန် တည်ဆောက်မည်။

၂။ စည်းရုံးရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ကြံ့ခိုင်သောအဖွဲ့အစည်းတရပ်ဖြစ်လာစေရန် တဆင့်ပြီးတဆင့် စနစ်တကျ တည်ဆောက်မည်။

၃။ ဒီမိုကကရေစီကျင့်စဉ်ကိုအခြခံ၍ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအကောင်အတည်ဖော်ပြီး နိုင်ငံရေးအရ၊ စည်းလုံးညီညွတ်သော အဖွဲ့အစည်းတရပ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

 

တပ်ဦး၏နိုင်ငံရေးဦးတည်ချက်

တပ်ဦးသည်တအာင်းလူမျိုးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊လူမှုရေး ၊ နိုင်ငံရေးနှင့် စာပေယဉ် ကျေးမှုအစရှိသည့် ကဏ္ဏအသီးသီး တိုးတက်ဖွံ့ဖြိုးရေးအတွက် ဒီမိုကရေစီနည်းလမ်းအတိုင်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်။

ထို့သို့ကြိုးပမ်းဆောင်ရွက်ရာတွင် တအာင်းအမျိုးသားထု တရပ်လုံးအတွက် သော်လည်းကောင်း တအာင်း ဒေသတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် သော်လည်းကောင်း  ဒီမိုအရေစီ ရေး ၊ ငြိမ်းချမ်းရေး ၊ တရားမျှတမှုရေးနှင့် အမျိုးသားတန်းတူရေးကိုအခြေခံထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်သူလူထုအားဖိနှိပ်ချုပ်ခြယ်သော အာဏာရှင် စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင် စုနိုင်ငံ ထူထောင်ရေးအတွက် တစိုက်မတ်မတ်ဦးတည် ဆောင်ရွက်သွားမည်။

တအာင်းအမျိုးသားတို့၏ စာပေယဉ်ကျေးမှု ၊စီးပွားရေး၊ လူမျိုးနယ်မြေအစရှိသည်တို့ကို ကာကွက်စောင့် ရှောက်ထိန်းသိမ်းမြင့်တင်နိုင်ရန် ထိုက်သင့်သည့်နယ်မြေအကျယ်အဝန်းရှိသော တအာင်းပြည်ကို ဖွဲ့စည်း ထူထောင်ကြရမည်။

ထိုကဲ့သို့သော တအာင်းပြည်နယ်ကို ဖွဲ့စည်းထူထောင်ရာတွင် နယ်မြေချင်းဆက်စပ်နေထိုင်လျက်ရှိသော အခြားတိုင်းရင်းသား လူမျိုးများ အထူးသဖြင့်ရှမ်းလူမျိုးများနှင့် နားလည်မှုများမပျက်ပြားစေဘဲ အပြန်အ လှန် လေးစားအသိအမှတ်ပြုမှုရှိသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

တပ်ဦး၏တော်လှန်တိုက်ပွဲသဏ္ဌာန်

အဖိနှိပ်ခံပြည်သူဖက်မှ အစဉ်တစိုက်ရပ်တည်သော တပ်ဦးသည် လူသားမဆန်ဘဲ အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသောစစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲသဏ္ဌာန်ဖြင်း အဓိကထား ဆန့်ကျင်တိုက်ခိုက်သွားမည်။ တပ်ဦး၏နိုင်ငံရေး ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲကို တပ်ဦး၏ နိုင်ငံရေး ၊ စည်းရုံးရေး၊ သံတမန်ရေးတိုက်ပွဲ  သဏ္ဌာန်များဖြင့် ဟန်ချက်ညီညီပေါင်းစပ် ဖော်ဆောင်သွားမည်ဖြစ်သည်။

တိုင်းးရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် စပ်လျဉ်းသည့်သဘောထား စစ်အာဏာရှင်တို့၏ မတရားဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန်အတွက်နှင့် တိုင်းရင်းသားလူမျိူးတို့၏ အမျိုးသားတန်းတူမျှ ရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး သည် တရားသော တော်လှန်ရေးဖြစ်သည်။

 

ဘုံရန်သူစစ်အာဏာရှင်နှင့် စပ်လျဉ်းသည့်သဘောထား

မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဆင်းရဲဒုက္ခအတိဖြစ်အောင် နည်းလမ်းပေါင်းစုံဖြင့် ရက်စက်ဖိနှိပ်ချုပ်ခြယ်သည့် မြန်မာစစ်အုပ်စုသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရန်သူဖြစ်သည်။ တပ်ဦး၏ ဦးစားပေး တိုက်ဖျက်ရမည့် ရန်သူဖြစ်သည်။


၂၀၀၈ မေလတွင် အတည်ပြုခဲ့သော စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်းသည့်သဘောထား

၂၀၀၈ မေလလူထုခံယူပွဲသည် တရားမျှတမှုလုံးဝမရှိခြင်း၊ နိုင်ငံတကာစောင့်ကြည့်လေလာရေးအဖွဲ့များ မပါရှိခြင်း၊ နအဖစစ်အုပ်စုတို့၏ လူထုဆန္ဒကို မသမာသည့်နည်းလမ်း‌ပေါင်းစုံဖြင့် တဖက်သတ် အနိုင်ယူခဲ့ ခြင်းသာ ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထု ၉၂ ရာခိုင်နှုန်းကျော်ထောက်ခံသည်ဟု ကြေညာသော်လည်း ထိုရလာဒ်အဖြေမှာ မည်ကဲ့သို့မှ တရားဝင်မည်မဟုတ်ပေ။

၂၀၀၈ မေလတွင် အတည်ပြုခဲ့သော စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ကျင့်သုံးခဲ့လျှင် စစ်အာဏာရှင်တို့အား မြန်မာပြည်ကို တရားဝင်အုပ်ချုပ်ခွင့်ရသည့် အာဏာရှင်အစိုးရအ ဖြစ် အသိအမှတ်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် ပြည်သူလူထုတို့၏ လူနေမှုဘဝမှာ လက်ရှိ အခြေအနေထက်များစွာဆိုးရွားနိမ့်ကျသွားမည်ဖြစ်ပြီး မြန်မာပြည်သည်လည်း ပျက်စီးမှုအလုံးစုံသို့ ဆက်တိုက် ကျရောက်သွားမည်ဖြစ်သည်။

 

တအာင်း(ပလောင်)ဒေသ စီးပွားရေးနှင့် စပ်လျဉ်းသည့်သဘော

နိုင်ငံရေးပြဿနာများပေါ်အခြေခံ၍ အာဏာရှင်များ၏ဖိနှိပ်ချုပ်ကိုင်ထားမှုကြောင့် တအာင်းဒေသ အတွင်း လွတ်လပ်စွာကုန်သွယ်ရောင်းဝယ်ခွင့် ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့်များမရရှိကြပဲ အာဏာရှင်များ၏ လက်ဝါးကြီးအုပ် စီးပွားရေး‌ပေါ်လစီ အောက်တွင် တအာင်းပြည်သူများ၏ စီးပွားရေးအခြေအနေမှာ အနိမ့် ကျဆုံး အဆင့်သို့ကျရောက်လျှက်ရှိသည်။

တအာင်းဒေသအတွင်း စီးပွားရေးခိုင်မာတောင့်တင်းလာစေရန်အတွက် ပွင့်လင်းမြင်သာသော ဒီမိုအရေစီ အုပ်ချုပ်မှုတွင် လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်ခွင့် ၊နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့်နှင့် လမ်းပန်ဆက်သွယ် ရေးများတိုးတက်ကောင်မွန်လာစေရန်အတွက် အထူးဆောင်ရွက်ရန်လိုအပ်သည်။

 

တအာင်းဒေသ သဘာဝအရင်းအမြင့် ၊သဘာဝ ပတ်ဝန်းကျင်နှင့် စပ်လျဉ်းသည့်သဘော

တအာင်းဒေသအတွင်းရှိ သဘာဝအရင်းအမြင့်များ၏ မူလပိုင်ရှင်သည် ဒေသခံပြည်သူလူထုများသာ ဖြစ်သောကြောင့် သဘာဝအရင်းအမြစ်နှင့် ပတ်သက်၍ စီမံခန့်ခွဲပိုင်ခွင့်လည်း တအာင်းဒေသခံ မိဘပြည်သူများသာဖြစ်သည်။

တအာင်းဒေသအတွင်းရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်သည် ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းထိန်းသိမ်းတာဝန်ဖြစ်ပြီး အုပ်ချုပ်သူများမှ ပြည်သူလူထုတို့၏ဆန္ဒနှင့်အညီ စည်မျဉ်းဥပဒေများ ပြဌာန်းကာကွယ်ပေးရမည်။

 

တအာင်းဒေသအတွင်းမူးယစ်ဆေးနှင့် စပ်လျဉ်းသည့်သဘော

မူးယစ်ဆေးဝါးသည် တအာင်းအမျိုးသားတရပ်လုံး၏ အဓိကရန်သူဖြစ်ပြီး တအာင်းဒေသတွင်း မူးယစ်ဆေးဝါးအမြစ်ပျောက်သွားစေရန်အတွက် ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းတိုက်

ဖျက်သွားကြရမည်။

စစ်အာဏာရှင်အုပ်စုအဆက်ဆက်သည် ၎င်းတို့၏ အကျိုးစီးပွားနှင့် အာဏာရှင်စနစ်တည်မြဲရေးအတွက် တိုင်းရင်းသားများနေထိုင်ရာဒေသများ၌မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်သုံးစွဲမှုများကိုနည်းအမျိုးမျိုး ဖြင့် ခွင့်ပြုထားခြင်းဖြင့် သော်လည်းကောင်း၊ တိုက်ရိုက်ပါဝင်ပတ်သတ်၍သော်လည်းကောင်း ပါဝင်ပတ် သက်နေကြသည်။

သို့ဖြစ်ပါ၍ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် စိုက်ပျိုးထုတ်လုပ်သုံးစွဲသည့် ပြဿနာများ ကျဆင်းပျောက်ကွယ်ရန်အတွက်ပြည်သူလူထုတစ်ရပ်လုံးက လုပ်ဆောင်ရမည့်အမျိုးသားရေး တာဝန် တစ်ရပ်ဖြစ်သည်။ တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးပြဿနာ အမှန်တကယ် ပပျောက်ကင်းစင်ရန်အ တွက် တရားဥပဒေစိုးမိုးရေးအခြေခံတွင် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုဖြင့် မူးယစ်ဆေးဝါးပပျောက်မှု စီမံကိန်းကို စနစ်တကျလုပ်ဆောင်သွားရမည်။



PSLF/TNLA လက်စွဲစာအုပ်မှ ကောက်နှုတ်တင်ပြသည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန