37

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့၊ ည (၁၁:၄၀) အချိန်တွင် ထုတ်ပြန်သည်။


စစ်ဆင်ရေးကြီး (၉၀) ပြည့်သောနေ့တွင် ရှမ်းမြောက်ဒေသ၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများနှင့် ထိတွေ့တိုက်ပွဲများ ကြီးကြီးမားမားမရှိခဲ့သည့်တိုင် ရက္ခိုင်ဒေသအတွင်း၌မူ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။


ရက္ခိုင့်တပ်တော်၏ အခြားသော စစ်ရေးလှုပ်ရှားရာဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် အခြားသောနေရာများ၌လည်း တခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မိမိကိုယ်မိမိခုခံကာကွယ်စစ်များကို ဆင်နွှဲလျက်ရှိသည်။ တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်ပျက်စီးမှုများနှင့် အရပ်သားပြည်သူသေဆုံး၊ ဒဏ်ရာရမှုများမှာ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း ရှိနေခဲ့သည်။


မိမိတို့၏ စစ်ဆင်ရေး (၃) လနီးပါးကာလအတွင်း၌ စစ်ဆင်ရေးမျှော်မှန်းချက်များသည် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့သည်ဟုဆိုနိုင်သော်ငြားလည်း မိမိတို့ သိမ်းပိုက်ထားသော နယ်မြေများ ယခုထက်ပို၍ အာမခံချက်ရရှိအောင် ဆက်၍ ကြိုးပမ်းကြရအုံးမည်မှာ အမှန်ပင်ဖြစ်သည်။


လတ်တလောအခြေအနေတွင် ရှမ်းမြောက်ရှိ မိမိတို့လှုပ်ရှားရာနယ်မြေများနှင့် မိမိတို့သတ်မှတ်ထားသော ရန်သူ့ပစ်မှတ်နေရာများ၌ စစ်ကောင်စီတပ်စခန်းများအား မိမိတို့ဖက်မှ စတင်ထိုးစစ်ဆင်ခြင်းမရှိသော်လည်း တအာင်းနှင့် ကိုးကန့်ဒေသတွင်း စစ်ကောင်စီ၏ မထီမဲ့မြင်ရန်စမှုများမှာ ဆက်လက်ရှိနေခဲ့သည်။


မလွှဲမရှောင်သာသည့် အခြေအနေတစ်ခုအောက်တွင် ပစ်ခတ်တိုက်ခိုက်မှုယာယီရပ်စဲထားသော ရှမ်းမြောက်ဒေသ၌ ညီနောင်မဟာမိတ်(၃) ဖွဲတို့သည် မိမိတို့၏ ကိုယ်ပိုင်နယ်မြေများ၌ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် မိမိတို့၏ အုပ်ချုပ်ရေးယန္တရားများဖြင့် အစားထိုးလည်ပတ်နိုင်ရေးအတွက် မိမိတို့တွင်ရှိသော လူ့အရင်းအမြစ်များဖြင့် အကောင်းဆုံးကြိုးစားလျက်ရှိသည်။


စစ်ဆင်ရေးရက်ပေါင်း (၉၀) ပြည့်မြောက်ခဲ့သောနေ့၌ အောက်ပါနေရာများတွင် တိုက်ပွဲ၊ ထိုးစစ်နှင့်အတူ ခုခံကာကွယ်စစ်များ ဖြစ်ပွားခဲ့သည်။ 


(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၄) ရက်၊ နေ့လယ် (၁၁) နာရီ (၂၁) မိနစ်အချိန်ခန့်၌ စစ်ကောင်စီ၏ “ဗျူဟာ (၄၈)” မှ တပ်ဖွဲ့ဝင်အင်အား (၃၀) ကျော်ခန့်သည် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင်ဝင်ရောက်လာခဲ့သည်။ ထို့နောက် မိမိတို့အား အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ စစ်ကောင်စီ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် မိမိတို့ဖက်မှ ရဲဘော် (၁) ဦး အသက်စွန့်လွှတ်ခဲ့ရသည်။


မိမိတို့သည် " ဟိုင်ဂင်သဘောတူညီမှု" အား လိုက်နာသည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီဖက်မှ ဗြောင်ကျကျ ချိုးဖောက်၍ တိုက်ခိုက်သည်မှာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာရောက်သည့်အပြင် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကူညီမှုကို အလေးမထားသည့်အပြင် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။


၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီသည် "ဟိုင်ဂင်သဘောတူညီမှု” အား ပထမအကြိမ် ပေါ်ပေါ်ထင်ထင်ချိုးဖောက်ခဲ့ပြီးဖြစ်သောကြောင့် ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ်ထပ်မံချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ 


(၂) တအာင်းပြည်နယ်၊ တပ်မဟာ (၆) ဒေသ၊ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်ခန့်က သိန္နီဘက်ခြမ်း နယ်စပ်တံတားသို့ လက်နက်ကြီးဖြင့် (၁၈) ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


အလားတူပင် တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာသို့လည်း ရန်သူ့ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နှင့် Y-12 ဖြင့် (၁၁) ကြိမ်ဖြင့် ဗုံးအလုံးပေါင်း (၁၀၁) လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ဖျက်အားပြင်းပေါင် (၅၀၀) ဗုံး (၃) လုံးဖြင့်ပါ လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်။ 


(၃) ရက္ခိုင်ဒေသတွင်း၌ ပေါက်တောမြို့အား ရက္ခိုင့်တပ်တော် (AA) မှ အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်။  တစ်ပြိုင်နက်တည်းတွင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ မိမိတို့မှလည်း စစ်ကောင်စီ၏ တပ်မ ဌာနချုပ်နှင့် အထိုင်ချစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူရန် ကြိုးစားလျက်ရှိသည်။


ယနေ့၊ ညနေ (၆) နာရီဝန်းကျင်ခန့်က မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာအား ရန်သူ့နေဗီသင်္ဘောမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦး သေဆုံးခဲ့ရပြီး (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရရှိခဲ့သည်။ ထို့အပြင် လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာတွင်းရှိ နေအိမ် (၃) ဆောင်မှာ လုံးဝပြိုကျပျက်စီးခဲ့ရသည်။


(၄) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ရှိနေခဲ့သကဲ့သို့ စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုများမှာလည်း ယခင်ရက်များနည်းတူရှိခဲ့သညိ။


ယနေ့တစ်ရက်တည်းတွင် ရန်သူသည် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်နေရာများသို့ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် (၃၃) ကြိမ်ထက်မနည်း တရစပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရသည်။ ထိုသို့တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်ကူးတံတားအချို့ ထိမှန်ပျက်စီးခဲ့ရသည်။ ထို့အပြင် ရမ်းဗြဲမြို့မရဲစခန်းနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်း (၆) ခန်းကျော်မှာ လည်း စစ်ကောင်စီ၏လက်နက်ကြီးထိမှန်ခဲ့၍ မီးလောင်ပျက်စီးခဲ့ရသည်။


(၅) ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီဗျူဟာ” မှ ယနေ့၊ နံနက် (၉) နာရီ (၄၀) မိနစ်အချိန်ခန့်၌ အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက် ခဲ့ပြန်သည်။ အဆိုပါစခန်းသည် မိမိတို့ပြည်သူလူထုအား လက်နက်ကြီးအားကိုးဖြင့် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျနေ သည့် ရန်သူ့တပ်စခန်းကြီးပင်ဖြစ်သည်။


ထိုသို့အကြမ်းဖက်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် (၁) လုံးမှာ မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို) ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၅) နှစ်အရွယ် ဒေသခံမိန်းကလေးငယ် (၁) ဦးအပါအဝင် (၁၀) နှစ်အရွယ်ယောကျာ်းလေး (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤသို့ ပြည်သူလူထုကိုသတ်ဖြတ်နေသော စခန်းများ ကိုလည်း မိမိတို့မှ မနှေးအမြန် တိုက်ခိုက်သိမ်းယူသွားမည်ဖြစ်သည်။ 


ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့် 


(၆) ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “စကခ (၁၅)” မှ ယမန်နေ့၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တမင်တကာပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးမှ အရွယ်မ‌ရောက်သေးသော မွတ်ဆလင်ညီအစ်ကို (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ ထို့အပြင် ကလေးငယ် (၂) ဦး အပါအဝင် (၈) ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်