77

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
08 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေး (၃) လကျော်ကာလအတွင်း၌ မိမိတို့သည် တစ်ဖွဲ့ချင်းစီ (သို့မဟုတ်) စုပေါင်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့သည် မိမိတို့သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ရေးရာလုံခြုံ‌ရေး၊ ကျားဖျင့်လုပ်ငန်းများပပျောက်စေရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝရရှိစေရေးတို့အတွက်လည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


ထို့အပြင် မိမိတို့၏ အုပ်ချုပ်စီမံရေးယန္တရားများကို လည်ပတ်အသက်ဝင်လာ‌စေရန်အတွက်လည်း မိမိတို့တွင်ရှိသော လူ့အရင်းအမြစ်များနှင့် စတင်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု၏ အသက်နှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတို့ကို ဦးစားပေး၍ တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ရှင်းလင်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုလည်း စနစ်တကျဖော်ဆောင် လျက်ရှိသည်။ 


မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ မိုင်းရှင်းလင်းရေးကိရိယာများ အရေးတကြီးလိုအပ်လျက်ရှိနေပါ၍ မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ ကူညီပေးလိုသောသူများသည် မိမိတို့ထံဆက်သွယ်ပြီး နည်းပညာ၊ ကိရိယာများ ကူညီပေးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


ရက္ခိုင်‌ဒေသတွင်း၌ ပြည်သူလူထုအား လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ဗိုလ်ကျအနိုင်ကျင့်နေခဲ့သည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်များ၊ တပ်ရင်းများနှင့် တပ်စခန်းများအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။ ရက္ခိုင့်တပ်တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့ကြား ရက္ခိုင့်တပ်တော်၏ စခန်းသိမ်းတိုက်ပွဲများမှာ ပြင်းထန်နေဆဲဖြစ်သည်။ 


(၁) ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ပုံမှန်တိုက်ပွဲများ ဆက်လက်ရှိခဲ့သည်။ စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ လက်ကျန်တပ်ရင်းအချို့အား ရက္ခိုင့်တပ်တော်မှ နေ့ညမနား တစ်လတာနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်း” တို့အား ယနေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။ 


(၂) ရက္ခိုင်ပြည်၊ ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်များတွင်လည်း ယခင်ရက်များနည်းတူ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။


(၃) ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့၊ တတိယမြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်သည်။ ဖေဖော်ဝါရီလ (၄) ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည့် ရက္ခိုင့်တပ်တော်၏ထိုးစစ်ကြောင့် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း (၂၀၀) အထက်ရှိသွားပြီဖြစ်သည်။ 


(၄) စစ်ကောင်စီ၏ စစ်ဖက်၊ ရဲဖက်နှင့် အုပ်ချုပ်ရေးဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် ရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်တော်မှ စစ်ဆင်ရေးဖော်ဆောင်လာသည့်အချိန်မှစ၍ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံလာသူများမှာ တစ်နေ့တစ်ခြား ပိုမိုများပြားလာလျက်ရှိသည်။


(၅) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ အသက်အပြည့်သေးသည့် ကျောင်းသား (၂) ဦး၊ အသက် (၁၇) နှစ်အရွယ် ကျဘမ်းလုပ်ကိုင်သူလူငယ် (၁) ဦးနှင့် အသက် (၅၃) နှစ်အရွယ် စျေးရောင်းချနေသူ လက်လုပ်လက်စားဒေသခံအမျိုးသမီး (၁) ဦးတို့သည် စျေးသည်အချို့၏ ကုန်ပစ္စည်းများအား ကျောက်ဖြူမြို့မစျေးသို့ လှေဖြင့် သွားရောက်ပိုဆောင်ပေးနေခဲ့သည့်အချိန်၌ ကျောက်ဖြူ GTI ကျောင်းနားတွင် စခန်းချတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀) ကျော်မှ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။


အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ပွဲဝင်နေကြသည့် မြန်မာနိုင်ငံအနှံ့မှ ပြည်သူလူထုများအပေါ် ဖက်ဆစ်စိတ်ဓာတ်အပြည့်ဖြင့် စစ်ရာဇဝတ်မှုများကို ပိုမိုလက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။ ဤကဲ့သို့သော စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်လျက်ရှိသည့်လုပ်ရပ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ပြစ်မှုကျူးလွန်နေခြင်းပင် ဖြစ်သည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ ဒေါဆီအီကျေးရွာ အလယ်တန်းပြစာသင်ကျောင်းအား စစ်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုအပေါ် မိမိတို့ညီနောင် (၃) ဖွဲ့အနေဖြင့် များစွာစိတ်မကောင်းဖြစ်မိပါသည်။ ဤသို့သော ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းအပေါ် မိမိတို့မှ အပြင်းအထန်ပြစ်တင်ရှုံ့ချပါသည်။ အသက်ဆုံးရှုံးခဲ့ရသောကလေးငယ်များ၏ မိသားစု၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်