78

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
08 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေးသည် ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်းတွင် ရက္ခိုင်ဒေသတစ်ခုလုံးနှင့် ရှမ်းမြောက်မဟုတ်သောနေရာဒေသများ၌ စစ်ဆင်ရေးသည် ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက်ရွေ့လျားလည်ပတ်လျက်ရှိသည်။ 


ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်းမှစ၍ ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင်ဒေသစစ်ဆင်ရေးဟု ဆိုရလောက်သည်အထိဖြစ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအရွေ့နှင့် စစ်ဆင်ရေးဗဟိုသည် ရက္ခိုင်ဒေသ၌ ကြီးမား၍ ထင်ရှားသည့် အပြောင်းအလဲအဖြစ်ရှိခဲ့သည်။ အခြားတစ်ဖက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင်သို့ နေရာရွေ့သွားခဲ့ပြီး ရက္ခိုင်ဒေသမှတစ်ဆင့် အခြားနေရာများသို့ စစ်ဆင်ရေးအဟုန်မှာ ဆက်လက်ပျံ့နှံ့လျက်ရှိသည်။


၁၀၂၇ စစ်ဆင်ရေး (၁၀၄) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ထိုးစစ်/ ခံစစ်အပြင်းထန်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။ အထူးသဖြင့် ရေကြောင်းတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ရေတပ် အထိနာခဲ့သောနေ့တစ်နေ့ဖြစ်ခဲ့သည်။


ရက္ခိုင့်တပ်တော်အနေဖြင့် တစ်လကျော်ကြာထိုးစစ်အပြီးတွင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးထဲမှ မြောက်ဦး၊ ရဲတပ်ရင်း (၃၁) မှလွဲ၍ စခန်းအားလုံးကို ယနေ့၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ 


(၁) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား ယနေ့၊ နေ့လယ် (၁) နာရီ (၂၈) မိနစ်အချိန်ခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် (၅) ကြိမ်ထက်မနည်း လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် နေ့လယ် (၂) နာရီ ကျော်ခန့်၌လည်း ရန်သူ့နေဗီသင်္ဘောသည် လက်နက်ကြီးဖြင့် (၅) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရမ်း‌ဗြဲ၊ သိမ်တောင်ကုန်းဘုရားထက်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း ယနေ့၊ နံနက် (၉) နာရီအချိန်ခန့်ကပင် ညနေ (၅) နာရီ (၄၀) မိနစ်အချိန်ထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အဆိပ်ငွေ့ဖြင့် တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကို ဇန်နဝါရီလ (၂၇) ရက်နေ့က ပြုလုပ်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအတွင်း ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ပုလုတ်တောင်အရပ်နှင့် ရမ်းဗြဲမြို့အနီး ဝန်းကျင်နေရာများသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရသည်။


(၂) ယနေ့၊ နံနက် (၁၀) နာရီ (၅၀) မိနစ်အချိန်ကလည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ စွန်ပန်းချိုင် သဲတန်းကျေးရွာမှ အသက် (၄၀) အရွယ်ဒေသခံအမျိုးသားတစ်ဦးသည် ကျောက်ဖြူမြို့၌ စာမေးပွဲသွားရောက်ဖြေဆိုသော ကျောင်းသားများအား ဟွန်ဒါစက်လှေဖြင့် သွားကြိုရန် ကျောက်ဖြူမြို့၊ ပြည်သာယာစျေးဖောင်တော်အောက်တွင် စောင့် နေခဲ့သည်။ ထိုသို့စောင့်နေစဉ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသည် အဆိုပါအပြစ်မဲ့ဒေသခံအမျိုးသားအား သူ၏စက်လှေနှင့်အတူ ကျောက်ဖြူမြို့၊ င/လပွိချောင်းသို့ မတရားသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အား ဖမ်းဆီးခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် အဖမ်းဆီးခံပြည်သူအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိသည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်