74

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
06 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


မိမိတို့ညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တွင် ကိုးကန့်နှင့် တအာင်းဒေသများ၌ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်စီမံရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 


ယနေ့တွင်လည်း ရက္ခိုင်ဒေသအတွင်း ယခင်ရက်များကဲ့သို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုအပါအဝင် မြန်မာပြည်အနှံ့ရှိ ၎င်းတို့ကိုမကြိုက်၍ တော်လှန်နေကြသော ဒေသများ၌ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။


(၁) ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ 


ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” တစ်ရင်းလုံး အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။


ထို့အပြင် မြောက်ဦးမြို့ရှိ မိမိတို့၏ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ခိုးယူလုယက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများထဲမှ တစ်ခုဖြစ်သော စကခ (၉) လက်အောက်ခံ “ခမရ (၃၇၈) တပ်ရင်း” တစ်ခုလုံးအားလည်း ယနေ့၊ ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။


(၂) ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ များစွာမပြင်းထန်သော်လည်း စစ်ကောင်စီဖက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့သည်။


(၃) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယနေ့တွင်လည်း ဒုတိယနေ့အဖြစ် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 


တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ဤကဲ့သို့သောဖြစ်ရပ်မှာ ယမန့်နေ့တွင်လည်း ဖြစ်ပျက်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ထပ်မံဖြစ်ပျက်လျက်ရှိသည်။ ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ယနေ့တွင်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးသည်။ (အရေအတွက် အသေးစိတ်အား အတိအကျမသိရသေးပေ။)


စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တစ်လျှောက်ကို လေကြောင်းမှ လာရောက်ပစ်ကူတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ထို့အတူ လက်နက်ကြီးကျည်များမှာ ဘင်္ဂလာနယ်စပ်ဖက်ခြမ်းရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲလျက်ရှိ သည်။ ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဘင်္ဂလာ‌‌‌ဒေ့ရှ်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) တို့မှာ သေဆုံးခဲ့ရပြီး ကလေးငယ် (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 


(၄) စစ်ကောင်စီ၏ နေဗီစစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းဗြဲ၊ ပြင်ချောင်းကြီးကျေးရွာနှင့် အနီးအနားသို့ (၁၀) ကြိမ်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၅) အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများကို အဆုံးစွန်သော မိုက်ရူးရဲစိတ်အပြည့်ဖြင့် ယခင်ထက် ပိုမိုပြုလုပ်လာလျက်ရှိသည်။ ယနေ့၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေး‌ရှောင်စခန်းအား စစ်ကောင်စီ၏ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကြားနေသည့် အသက် (၁၁ မှ ၁၃) နှစ်ကြား ယောကျ်ားလေး (၄) ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်