82

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
10 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ ည (၁၁:၃၀) အချိန်တွင် ထုတ်ပြန်သည်။


တရုတ်ရိုးရာနှစ်သစ်ကူးညကို မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ကမ္ဘာအရပ်ရပ်ရှိ တရုတ်လူမျိုးများ၏ အလေးအမြတ်ထားရာ တရုတ်နှစ်သစ်ကူးကာလတွင် မိသားစုများစုံစုံညီညီနှင့် Family Reunion ညနေခင်းကို အတူဖြတ်သန်းနိုင်ရန် မျှော်လင့်ပါသည်။ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိပါသည်။





ယခုနှစ်သည် တရုတ်လူမျိုးများ၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းမည့် “အထွတ်အမြတ်နဂါးနှစ်” ဖြစ်သည်။ နဂါးနှစ်၏ ထူးခြားသောဝိသေသများနှင့် ပျော်ရွှင်မှုများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသောဆန္ဒနှင့် ထပ်တူကျလိမ့်မည်ဟု မိမိတို့မှ မျှော်လင့်ပါသည်။ အထူးသဖြင့် “မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒ” ဖြစ်သော “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” သည် ဤနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်ပါသည်။ 


ယနေ့သည် ၁၀၂၇စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့တွင်လည်း ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်။ 


(၁) ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား ဒုတိယနေ့ဖြစ်သော ယနေ့၊ နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ စခန်းတစ်ခုလုံးအား နှစ်ရက်တာထိုးစစ်အပြီး၌ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။


ယနေ့၊ နံနက် (၄) နာရီ (၃၀) မိနစ်အချိန်ခန့်က ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ အထိနာနေသည့် စစ်ကောင်စီသည် ၎င်း၏ရသေ့တောင်အခြေစိုက် “ခမရ (၅၃၇)” တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 


(၂) ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းကျေးရွာအနီး၌ စစ်ကောင်စီ၏ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)” သည် လက်နက်ချအညံ့မခံသောကြောင့် မိမိတို့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 


အဆိုပါစခန်းသည် စစ်ကောင်စီမှ နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် ရန်သူ့စခန်းများထဲမှ တစ်ခုဖြစ်သည်။ မိမိတို့အနေဖြင့် လက်နက်ချအညံ့မခံသောစခန်းတိုင်းအား ယခင်စခန်းများနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။


(၃) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ သိမ်တောင်ကုန်းဘုရားပေါ်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ယနေ့၊ နံနက် (၁၁) နာရီ (၁၁) မိနစ်အချိန်ခန့်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၄) ယနေ့၊ ညနေ (၅) နာရီ (၁၅) မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ထဲမှ အိမ်စီးကား (၃) စီးဖြင့်လာကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးအား လက်နက်အင်အားသုံးကာ မြို့ထဲဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


(၅) မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်တက်ရာ ရက္ခိုင်ဒေသတွင်း စစ်ရေးဗျူဟာအထိနာနေသည့် တစ်ပြိုင်နက်တည်းတွင်ပင် စစ်စခန်းများကို နေ့စဉ်ရက်ဆက်ဆုံးရှုံးနေရသောကြောင့် စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ အရပ်သား ပြည်သူများရှိသော မြို့၊ ရပ်ရွာများနှင့် အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအား လုပ်ကြံစွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို ခပ်စိပ်စိပ် ကျုးလွန်လာလျက်ရှိသည်။ အလားတူပင် စစ်အာဏာရှင်ကိုတော်လှန်နေကြသည့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်လည်း ဤကဲ့သို့သော ရက်စက်ရွံရှာဖွယ်စစ်ရာဇဝတ်မှုများအား စစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ကျူးလွန်နေဆဲဖြစ်သည်။

                                                                                                                                                                                                                                                                 မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"
Tags: ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်