69

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
04 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေး၏ (၃) လ ကျော်ကာလသို့ ရောက်ရှိလာသည်နှင့် စစ်ဆင်ရေးရက်ပေါင်း (၁၀၀) ပြည့်သောနေ့၌ ရှမ်းမြောက်မှလွဲ၍ မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီကို အလိုမရှိသော တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်အာဏာရှင်တိုက်ဖျက်ရေး (ဝါ) စစ်အာဏာရှင်စနစ်အလိုမရှိသောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။


စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်တွင် မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ထိုးစစ်များကို မကြုံရသော်လည်း ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်တော်၏ ရပ်တန့်မှုမရှိသော နေ့စဉ်ရက်ဆက်ထိုးစစ်များကို ဆက်လက်ကြုံတွေ့နေရသည်။ ဤမြင်ကွင်းများမှာ စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တရားနှင့် ဗျူဟာမြောက်စစ်စခန်းများ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရသည့် မြင်ကွင်းများသာဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ တစ်ဖြစ်လဲ အထူးသဖြင့် မင်းအောင်လှိုင် (သို့မဟုတ်) မြန်မာ့တပ်မတော်၏ နောက်ဆုံးခေါင်းဆောင်လက်ထက်တွင် မြန်မာ့တပ်မတော်၏ ပကတိဖြစ်ပျက်နေသောမြင်ကွင်း၊ စစ်ကောင်စီ၏ နောက်ဆုံးနေဝင်ချိန်မြင်ကွင်းများသာဖြစ်သည်။


၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်သည့်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိသည့်နည်းတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒနှင့် ထပ်တူထပ်မျှရှိပါကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကိုလည်း တစ်ရက်မှမပျက် ဆက်လက်လုပ်ဆောင်နေပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


ရက္ခိုင်ဒေသတွင်းရှိ ရက္ခိုင့်တပ်တော်မှ တစ်ဝက်တစ်ပျက် (သို့) အနည်းငယ်မျှသာသိမ်းပိုက်ရယူရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်များအပါအဝင် တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 


ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တိုက်ပွဲသတင်းအနေဖြင့် ယနေ့၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်ခန့်၌ ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်တွင်းသို့ ဝင်ရောက်လာပြီး အရပ်သားပြည်သူများ၏ နေအိမ်များကို တမင်တကာ လူမဆန်စွာ ဖက်ဆစ်စိတ်ဓါတ်အပြည့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဤသို့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် (၄) ရပ်ကွက်မှ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်။ 


ယခင်ရက်များကလည်း ရမ်းဗြဲမြို့နှင့် အနီးအနားနေရာများသို့ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရပ်ကွက်တွင်းရှိ နေအိမ်အချို့နှင့် အဆောက်အအုံများမှာ မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။ 


တအာင်းဒေသတွင် မိမိတို့ဖက်မှ စစ်ကောင်စီတပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်ခြင်းမပြုလုပ်သော်လည်း စစ်ကောင်စီ၏ တစ်ဖက်သတ်ရန်စထိုးစစ်ဆင်ခြင်းများသည် ဆက်လက်ရှိနေခဲ့သည်။ ယနေ့၊ နံနက် (၉) နာရီအချိန်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ တအာင်းတပ်မတော် (TNLA ) ၏ တပ်ရင်း (၇၁၇) အား စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် မိမိတို့ တပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်