81

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
09 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ကိုးကန့်နှင့် တအာင်းဒေသများ၌ စစ်ကျန်စွန့်လွှတ်မိုင်း၊ လက်နက်ကြီးအကြွင်းအကျန်များအားရှင်းလင်းရေး၊ နယ်စပ် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပျက်စီးသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား မိမိတို့တွင်ရှိသော လူအင်အား၊ စွမ်းအင်အရင်းအမြစ်များနှင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 


ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်တော်၏ထိုးစစ်များကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ အလားတူပင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။


မိမိတို့၏မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy  စုစုပေါင်း (၃) စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို 

အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်သည်။ ဤပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့ဖြစ်သော ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင်--


(၁) ရက္ခိုင်ပြည်၊ မြောက်ဦးရှိ စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်းဖြစ်တော့သည့် ပြည်သူလူထုနှင့် ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များအား နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သော “ရဲတပ်ရင်း (၃၁)” အား ရက္ခိုင့်တပ်‌တော်မှ အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်။


(၂) ရမ်းဗြဲမြို့တွင် စစ်ကောင်စီသည် နေဗီစစ်သင်္ဘောဖြင့် ယနေ့တစ်ရက်တည်း၌ (၂၅) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သိမ်တောင်ကုန်းဘုရားပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း နံနက် (၇) နာရီ (၂၀) မိနစ်အချိန်မှစ၍ နေ့လယ် (၂) နာရီ (၃၂) မိနစ်အချိန်ထိ ရမ်းဗြဲမြို့၊ အမှတ် (၅) လောင်းချောင်းဘက်သို့ လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့၊ ညအချိန်တွင်လည်း ရန်သူသည် ဂျက်ဖိုက်တာများဖြင့် ရမ်းဗြဲပတ်ဝန်းကျင်အား လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


(၃) ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား ရက္ခိုင့်တပ်တော်မှ ယနေ့၊ နံနက် (၇) နာရီအချိန်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၎င်းစခန်းသည် ရက္ခိုင်ဒေသတွင်း ရက္ခိုင့်တပ်‌တော် စစ်ဆင်ရေးစတင်ဖော်ဆောင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) / (၁၄) ရက်နေ့များတွင် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရသော ဒုံးပိုက်နှင့် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းများအနီး၌တည်ရှိသည့် စခန်းတစ်ခုဖြစ်သည်။ 


တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ လေကြောင်းပစ်ကူများဖြင့်လည်းကောင်း အသည်းအထန်ခုခံကာကွယ်လျက်ရှိသည်။


(၄) ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းအား ယနေ့၊ ညနေ (၃) နာရီကျော်ခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာတစ်စီးဖြင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၅) ယနေ့၊ ညနေ (၄) နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀) ကျော်ခန့်သည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေကျေးရွာအတွင်းသို့ လက်နက်အင်အားအပြည့်အစုံဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာမှ သက်ကြီးပိုင်းဒေသခံအမျိုးသားနှစ်ဦးအပါအဝင် ဒေသခံ (၄) ဦးတို့အား မတရားအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

(၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်တွေ၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၄၄) တပ်ရင်း” မှ ယမန်နေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့်အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ၎င်းလက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ကွမ်းတောင်ကျေးရွာ၏ လမ်းမထက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ သုံးဘီးမောင်းနေသည့် အပြစ်မဲ့ဒေသခံအမျိုးသား (၁) ဦး၏ ဘယ်ဘက်မျက်စိအား ကျည်စထိမှန်ခဲ့ရသည်။


တစ်ဆက်တည်းမှာပင် နေ့လယ် (၁) နာရီဝန်းကျင်ကလည်း အဆိုပါအကြမ်းဖက်တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ နွားရုံတန်း (အိုင်ဒင်) ကျေးရွာသို့လည်း လက်နက်ကြီးများဖြင့် (၄) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ 


(၇) စစ်ကောင်စီ၏ အရပ်သားပြည်သူလူထု အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအား ဦးတည်ပစ်မှတ်ထားသည့် အကြမ်းဖက်ဖိနှိပ်တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအနှံ့ရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် နေရာအများအပြားတွင် အဖြစ်များလာလျက်ရှိသည်။ ဤသို့သော စစ်ကောင်စီ၏ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သား ပြည်သူလူထုအား တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများသည် ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသကဲ့သို့ ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ်မှု ဗြောင်ကျကျကျူးလွန်နေခြင်းပင်ဖြစ်သည်။


                                                                                                                                                                                                                                                                    မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ"
Tags: ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်