2322

တအာင်းပြည် ပညာရေးကောင်စီ - TLEC ၏ တိုင်ကြားမှုယန္တရားမှ သုံးလအတွင်း အကြံပြုချက်နှင့် တင်ပြချက် အစောင် (၇၀) ကျော်လက်ခံရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
20 November 2026

တအာင်းပြည် ပညာရေးကောင်စီ - TLEC ၏ တိုင်ကြားမှုယန္တရားမှ သုံးလအတွင်း အကြံပြုချက်နှင့် တင်ပြချက် အစောင် (၇၀) ကျော်လက်ခံရရှိ 


နမ့်ဆန်၊ နိုဝင်ဘာ ၂၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်ပညာရေးကောင်စီ - TLEC ၏ တိုင်ကြားမှုယန္တရားကို တရားဝင်စတင်အသုံးပြုပြီး သုံးလ အကြာတွင် အကြံပြုချက်၊ တင်ပြချက်နှင့် မေးခွန်းပေါင်း အစောင် (၇၀) ကျော် လက်ခံရရှိခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ 



အဆိုပါ တိုင်ကြားမှုယန္တရားကို ပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်များ လျင်မြန်ချောမွေ့မှုရှိစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ရည်ရွယ်၍ စတင်မိတ်ဆက်အသုံးပြုခဲ့ခြင်းဖြစ်သည်။


ပြည်သူများထံ လက်ခံရရှိသည့် အကြံပြုချက်များနှင့် တင်ပြချက်များကို ပညာရေးလုပ်ငန်းစဥ်များတွင် ပြန်လည်အသုံးချ လျက်ရှိပြီး တိုင်ကြားချက်များကိုလည်း စုံစမ်းစစ်ဆေးကာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မေးမြန်းလာသည့် မေးခွန်းများကိုလည်း အချိန်နှင့်တပြေးညီ ပြန်လည် ဖြေကြားပေးလျက်ရှိသည်။


TLEC အနေဖြင့် ပေးပို့သူများ၏ ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းပေးထားပြီး အတွင်းရေးမှူးအဖွဲ့မှ တာဝန်ပေးအပ်သည့် တာဝန်ခံမှတစ်ဆင့် လက်ခံစီမံခန့်ခွဲလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အကြောင်းအရာအလိုက် ခွဲခြားသတ်မှတ်ခြင်း၊ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခြင်း၊ စုံးစမ်းစစ်ဆေးခြင်းနှင့် ပေးပို့သူများထံ ပြန်လည်အကြောင်းပြန်ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။


ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့တွင် စတင်အသုံးပြုခဲ့သည့် ယန္တရားမှတစ်ဆင့် TLEC ၏ ပညာရေးမူဝါဒများ၊ ရုံးလုပ်ငန်းစဉ်များ၊ သင်ရိုးညွှန်းတမ်းများ၊ အထက်တန်းပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှုစနစ်များ၊ စာသင်ခန်းအတွင်း သင်ကြားရေးအခြေအနေများ၊ ကျောင်းသူ/သားများ၏ အခြေအနေများအပြင် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် အကြံပြုခြင်း၊ ဝေဖန်ထောက်ပြခြင်းနှင့် တိုင်ကြားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။


ယင်းယန္တရားကို Telegram မှတစ်ဆင့် အသုံးပြုနိုင်သကဲ့သို့ QR Code ကို စကင်ဖတ်၍လည်း ဝင်ရောက် ပေးပို့နိုင်ပြီး ဆရာ/မများ၊ ကျောင်းသား/သူမိဘများ၊ ကျောင်းသူ/သားများနှင့် ပြည်သူလူထုများအနေဖြင့် ပညာရေးဆိုင်ရာ အကြံပြုချက်နှင့် တိုင်ကြားချက်များကို ပေးပို့နိုင်သည်။ ကိုယ်ရေးအချက်အလက် မဖော်ပြလိုသူများအနေဖြင့် အမည်မဖော်ပြဘဲ (Anonymous) ပေးပို့နိုင်မည်ဖြစ်သည်။


ပညာရေးကဏ္ဍ ပိုမိုကောင်းမွန်တိုးတက်လာစေရန် ပြည်သူလူထုများ၏ ဝေဖန်အကြံပြုချက်နှင့် တိုင်ကြားချက်များကို ဆက်လက်လက်ခံသွားမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရန်လိုအပ်သည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


တအာင်းပြည်အတွင်းရှိ မိဘပြည်သူလူထုများသည် တအာင်းပြည် ပညာရေး‌ကောင်စီမှ ဦးဆောင်၍ ဖော်ဆောင်နေသောညာရေးကဏ္ဍသည် ယခင်ထက် ပိုမိုကောင်းမွန်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သွားနိုင်ရန် ပြည်သူ၏အင်အားများလည်း လိုအပ်နေပါသည်။ ထို့ကြောင့် TLCE ၏ တိုင်ကြားမှုယန္တရားသို့ မိမိကိုယ်တိုင် အကြံပြုချက်၊ တင်ပြချက်နှင့် မေးခွန်းပေါင်းများကို ရေးသားပြီး တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် ပညာရေးကောင်စီ - TLEC ၏ တိုင်ကြားမှုယန္တရားမှ သုံးလအတွင်း အကြံပြုချက်နှင့် တင်ပြချက် အစောင် (၇၀) ကျော်လက်ခံရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်