93

တအာင်းပြည်နယ်အတွင်း အခြေခံပညာရေး ကျောင်းပေါင်း(၅၀၀)ကျော် တိုးချဲ့ဖွင့်လှစ်သွားမည်

ဒေသတွင်းသတင်း / ဒေသတွင်း
10 March 2024

တအာင်းပြည်နယ်အတွင်း အခြေခံပညာရေး ကျောင်းပေါင်း(၅၀၀)ကျော် တိုးချဲ့ဖွင့်လှစ်သွားမည် 


နမ့်ဆန်၊ မတ်လ ၁၀ ရက်

မာည်းဖိုက်ခြိူဝ်း


တအာင်းပြည်နယ်အတွင်း လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၅၀၀)ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအာင်းအမျိုးသားပညာရေးကော်မတီ - TNEC ၏ ယမန်နေ့ မတ်လ(၉)ရက်နေ့၌ ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။ 






တအာင်းအမျိုးသားပညာရေးကော်မတီ - TNEC၏ ထုတ်ပြန်ချက်အရ မတ်လ(၂)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကော်မတီနှစ်ပတ်လည် အစည်းအဝေးနှင့် အဖွဲ့အစည်းဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ လာမည့်ပညာသင်နှစ်များတွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး၏ ပညာရေးကဏ္ဍအား ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရန်နှင့် အမျိုးသားအခြေပြု ပညာရေးအစား ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်သည့် ဒေသအခြေပြုပညာရေး ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် တအာင်းအမျိုးသားပညာရေးကော်မတီ -TNECဆိုသည့် အဖွဲ့အစည်းနာမည်အား တအာင်းပြည်ပညာရေးကောင်စီ- TLEC(Ta'ang Land Education Council)အဖြစ် ပြောင်းလဲလိုက်သည်။ 


တအာင်းပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဆင့်မြင့်ပညာရေးကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး၊ ခိုင်မာသည့် တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ရှေးဦးကလေးသူငယ်ပညာရေးအား မြင့်တင်ဖွင့်လှစ်နိုင်ရေးအပါအဝင် ဖက်ဒရယ်ပညာရေး မူဝါဒ၊ မိခင်ဘာသာစကားအား အခြေပြုသည့် ပညာရေး မူဝါဒ အစရှိသည်တို့ကို ဆွေးနွေးချမှတ်နိုင်ခဲ့ကြောင်း TNEC၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 


တအာင်းပြည်နယ်အတွင်း လာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာရေးကျောင်း(၅၅၀)ခန့် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်ကြားရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပြည်သူနှင့်အတူရပ်တည်သည့် CDMဆရာ/မများအား ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ထားသည်။ 






တအာင်းပြည်နယ်အတွင်းရှိ CDM ဆရာ/မများအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအား အသုံးပြု၍ ဒေသပညာရေးတည်ဆောက်မှုတွင် ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်းနှင့် တအာင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများမှ ကလေးသူငယ်များ၏ ပညာရေးအား မြှင့်တင် သင်ကြားပေးနိုင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းဖော်ပြထားသည်။ 


ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် တအာင်းအမျိုးသားပညာရေးကော်မတီ - TNEC၏ ဦးဆောင်မှုဖြင့် တအာင်းပြည်နယ်အတွင်း အခြေခံ ပညာရေးကျောင်းပေါင်း(၃၈၀)ကျော်အား သင်ကြားရေး ဆရာ/မ (၁၅၀၀)ကျော်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။ 



#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်နယ်အတွင်း လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၅၀၀)ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအာင်းအမျိုးသားပညာရေးကော်မတီ - TNEC
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်