92

နမ္မတူမြစ်အတွင်း သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း တစ်လောင်း တွေ့ရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
09 March 2024

နမ္မတူမြစ်အတွင်း သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း တစ်လောင်း တွေ့ရှိ

 

နမ္မတူ၊ မတ်လ ၉ ရက်

 

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့တွင် ယနေ့ မတ်လ ၉ရက်နေ့ နံနက်(၉)နာရီခွဲ ဝန်းကျင်၌ နမ္မတူမြစ်အတွင်း သေဆုံးပြီး ‌မျောပါနေသည့် အမျိုးသား ရုပ်အလောင်း တစ်လောင်းအား တွေ့ ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

 

အဆိုပါ အမျိုးသား ရုပ်အလောင်းသည် အသက်(၃၀)ကျော်ဝန်းကျင်ရှိပြီး နမ္မတူမြို့ ပြည်သူ့ဆေးရုံအောက်တံတားအနီးတွင် သေဆုံးလျက် မျောနေခဲ့ရာ မြို့ခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု  PSLF/TNLA၏ နမ္မတူမြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

PSLF/TNLA ၏ နမ္မတူမြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျနော့်ဆီကို ပြည်သူ့ဆေးရုံအောက်က တံတားနားမှာ သေဆုံးပြီးတော့ ရေထဲမျောနေတဲ့ ရုပ်အလောင်း တစ်လောင်း တွေ့တယ်ဆိုပြီး ဒေသခံတွေက ဖုန်းဆက်လာတယ်၊ ကျနော်တို့လည်း သွားကြည့်ပြီးတော့ မေတ္တာရှင် လူမှုကူညီရေးအသင်းက အဖွဲ့တွေနဲ့ ရုပ်အလောင်းကို ရေထဲကနေ ဆယ်ယူလိုက်တယ်၊ ဘယ်သူဘယ်ဝါမှန်း မသိရသေးသလို၊ ဒေသခံ ဟုတ်မဟုတ်ကိုလည်း ဆက်ပြီး စုံစမ်းနေတယ်"ဟု ပြောသည်။

 

အဆိုပါ ရုပ်အလောင်းအား မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အဖွဲ့သူအဖွဲ့သားက နမ္မတူမြို့ လူမျိုးပေါင်းစုံ သုဿာန်သို့ သယ်ဆောင်ကာ မီးသဂြိုဟ် ပေးလိုက်သည်။

 

နမ္မတူမြို့တွင် မြစ်အတွင်း ရေနစ်သေဆုံးမှုများ နှစ်စဥ် ဖြစ်ပွားလေ့ရှိရာ မြစ်အတွင်း အန္တရာယ်ရှိသည့် တည်နေရာများ၌ သတိပေးဆိုင်းဘုတ်များ ထားရှိစေချင်သည်ဟု ရုပ်အလောင်း လိုက်ပါ မီးသဂြိုဟ်ပေးသည့် မေတ္တာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက အကြံပြု ပြောကြားသည်။

 

#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: နမ္မတူမြစ်အတွင်း သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း တစ်လောင်း တွေ့ရှိ
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်