အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သွားမည့် အပတ်စဉ် (၃) တအာင်းပြည် အုပ်ချုပ်ရေးကျောင်းအတွက် ကျောင်းသား/သူများ စတင်ခေါ်ယူနေ
နမ့်ဆန်၊ နိုဝင်ဘာ ၁၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည့် လူငယ်များကို မွေးထုတ်ပေးရန် ရည်ရွယ်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သွားမည့် အပတ်စဉ် (၃) တအာင်းပြည် အုပ်ချုပ်ရေးကျောင်းအတွက် ကျောင်းသား/များကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ယင်းဌာနမှ ထုတ်ပြန်ကြောညာခဲ့ပါသည်။


အဆိုပါ အုပ်ချုပ်ရေးကျောင်းသို့ တက်ရောက်ခွင့်လျှောက်ထားလိုသူများသည် အသက် (၂၅) နှစ်အောက်တွင် လျှောက်ထားနိုင်ပြီး ကျန်းမာရေးကောင်းမွန်သူများလည်း ဖြစ်ရမည်။ ထို့အပြင် ပညာအရည်အချင်းအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ၊ Grade 12 အောင်မြင်ထားသူ (သို့မဟုတ်) ဘွဲ့ရရှိထားသူများဖြစ်ရမည့်အပြင် အကျင့်စာရိတ္တကောင်းမွန်သူများလည်း ဖြစ်ရမည်ဖြစ်သည်။ ယခုဖွင့်လှစ်မည့်ကျောင်းသည် အမျိုးသမီးလည်း လျှောက်ထားနိုင်ကြောင့် ထုတ်ပြန်ထားပါသည်။


၎င်းကျောင်းကို စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာများကို နိုဝင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး Google Form မှတစ်ဆင့်ဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရုံးသို့ တိုက်ရိုက်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
တအာင်းပြည် အုပ်ချုပ်ရေးကျောင်းကို ဖွင့်လှစ်ရခြင်းသည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF ၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ အနာဂတ် တအာင်းပြည်၏ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်နိုင်မည့် လူငယ်များ မွေးထုတ်ပေးရန်၊ အုပ်ချုပ်ရေးလုပ်ငန်းများကို စနစ်တကျနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ရန်၊ PSLF/TNLA ၏ ဌာနဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


ယခင်၌ဖွင့်လှစ်ခဲ့သည့် အုပ်ချုပ်ရေးကျောင်း အပတ်စဉ် (၂) ကို (၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အဆိုပါသင်တန်းမှ ကျောင်းသား စုစုပေါင်း (၅၅) ဦး တက်ရောက်အောင်မြင်ခဲ့ပါသည်။


ယခုဖွင့်လှစ်မည့် အုပ်ချုပ်ရေးကျောင်း အပတ်စဉ် (၃) ၏ သင်တန်းကာလသည် (၂) နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်ကြားပေးမည့် ဘာသာရပ်များမှာ ပထမနှစ်တွင် တအာင်းရုံးသုံးစာ၊ အင်္ဂလိပ်စာ၊ ရုံးလုပ်ငန်းနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးမည်ဖြစ်သည်။ ဒုတိယနှစ်တွင် အခြေခံနိုင်ငံရေးနှင့် အဆင့်မြင့်နိုင်ငံရေးဆိုင်ရာ အသိပညာများကို သင်ကြားပေးမည်ဖြစ်ပြီး တတိယနှစ်တွင် အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ်များကို အထူးပြုသင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ တအာင်းပြည် အုပ်ချုပ်ရေးကျောင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုသူများအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဌာန၏ PRC ၏ Facebook pageစာမျက်နှာရှိ Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် အီးမေးလ် [email protected] (သို့မဟုတ်) ဖုန်းနံပါတ် ၀၉-၆၆၉၉၉၀၆၈၂ သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ