နမ့်ဆန်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ် (၃) အရန်မီးသတ်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြီးစီး
နမ့်ဆန်၊ နိုဝင်ဘာ ၁၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုသိရှိရန်အတွက် အပတ်စဉ် (၃) အရန်မီးသတ်သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၅) ရက်နေ့၌ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဗဟိုမီးသတ်ဌာနမှူး ဒုဗိုလ်မှူးကြီး တံင်ရိူန်းမှ မီးဘေးအန္တရာယ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အလုံးစုံ လောင်ကျွမ်းပျက်စီးစေနိုင်သည့်အတွက် မီးဘေးအန္တရာယ်မှ အပြည့်အဝ ကာကွယ်ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်၊ ယခုအခါ ပူပြင်းခြောက်သွေ့ရာသီအတွင်း ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးလောင်မှု အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက အချိန်မီ ထိရောက်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရန် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ပြေကြားပြီး သင်တန်းသားများအတွက် သင်ကြားပေးမည့်ဘာသာရပ်များကို စိတ်ပါဝင်စားကြိုးစားသင်ယူကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းကို (၂၀) ရက်ကြာ ဖွင့်လှစ်သင်ကြားသွာမည်ဖြစ်ပြီး သင်တန်းသား (၄၆) ဦး တက်ရောက်ကြသည်။ ၎င်းသင်တန်းကာလအတွင်း အခြေခံစစ်ရေးပြဘာသာရပ်၊ အခြေခံမီးငြိမ်းသတ်ရေးဘာသာရပ် (စာတွေ့၊လက်တွေ့)၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်နှင့် ရှေးဦးသူနာပြုစုနည်းစသည့် ဘာသာရပ် (၄) ရပ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အခြားသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန်၊ ပူပြင်းခြောက်သွေ့သောရာသီအတွင်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်၊ အယ်လ်နီညိုဖြစ်စဉ်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ ဗဟိုမီးသတ်ဌာနမှူး ဒုဗိုလ်မှူးကြီး တံင်ရိူန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ခေါပ်ပြာ,၊ မြို့နယ်ရဲမှူး ဗိုလ်နောမျံမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဗိုလ်ဆမဲင်ရံက်၊ မြို့နယ်တရားရုံးမှ ဦးဘမော် ၊ သင်တန်းနည်းပြဆရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၇၀) ဦးကျော်တက်ရောက်ခဲ့ကြပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ