နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ပြုပြင်ရေးလုပ်ငန်းကာလအတွင်း ကုန်တင်ယာဉ်များ ယာယီဖြတ်သန်းခွင့် ပိတ်ထားမည်
နမ့်ခမ်း၊ နိုဝင်ဘာ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်မည့် လမ်းပိုင်းသည် နမ့်ခမ်းမြို့နယ်မှ မိုင်းဝီးမြို့နယ်အထိ ဆက်သွယ်ထားသည့် အရှည် ၄၀ ကီလိုမီတာရှိသော လမ်းပိုင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကုန်တင်ယာဉ်များကိုသာ ယာယီဖြတ်သန်းခွင့် ပိတ်ထားမည်ဖြစ်ပြီး ကားငယ်များ၊ ဆိုင်ကယ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များမှာ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

ထို့အပြင် လမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ခရီးသွားလာသူများအနေဖြင့် ခရီးစဉ်များကို ကြိုတင်စီစဉ်ထားကြရန်၊ လမ်းပိတ်သိမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများကို ကြိုတင်ပြင်ဆင်ထားကြရန်၊ ကျေးရွာပြည်သူများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မလိုအပ်ဘဲ ဝင်ရောက်သွားလာခြင်းမပြုကြရန်နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို ပူးပေါင်းလိုက်နာကြရန် အသိပေးထားသည်။အဆိုပါအချက်များကို သက်ဆိုင်ရာဌာနများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများထံ ဆက်လက်အသိပေးပေးကြရန်လည်း မေတ္တာရပ်ခံထားပါသည်။

အဆိုပါလမ်းပိုင်း ပြုပြင်ခြင်းလုပ်ငန်းသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်၊ ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်စေရန်၊ ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူချောမွေ့လာစေရန်၊ ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် သွားလာရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ