မန်တုံမြို့တွင် ပြည်သူများ သွားလာဘေးကင်းစေရန် မြို့နယ်ဌာနဆိုင်ရာများမှ ဆိုလာလမ်းမီးများ တပ်ဆင်ဆောင်ရွက်ပေး
မန်တုံ၊ နိုဝင်ဘာ ၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံမြို့အတွင်းရှိ မိဘပြည်သူလူထုများ ညအချိန် သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ပူးပေါင်း၍ လမ်းဘေး၍ (100W) ရှိသော ဆိုလာလမ်းမီးများ တပ်ဆင်ဆောင်ရွက်ပေးနေပါသည်။

အဆိုပါ ဆိုလာလမ်းမီးများ တပ်ဆင်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ လိုအပ်သည့် ဘတ်ဂျက်ငွေများ ထောက်ပံ့ပေးပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက လိုအပ်သောပစ္စည်းများ စုဆောင်းပြင်ဆင်ကာ တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၎င်းလုပ်ငန်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်နေ့တွင် စတင်တပ်ဆင်ခဲ့ပြီး လက်ရှိတွင် မြို့တွင်းလမ်းမတစ်လျှောက်နှင့် ရပ်ကွက်အချို့ရှိ နေရာများ၌ တပ်ဆင်ပေးလျက်ရှိသည့်အပြင် ကျန်ရှိနေသေးသော နေရာများတွင်လည်း ဆက်လက်တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဆိုလာလမ်းမီးများ တပ်ဆင်ပေးခြင်းဖြင့် မန်တုံမြို့၏ ညအချိန်အလင်းရောင် ပိုမိုကောင်းမွန်လာစေမည့်အပြင် ပြည်သူများ၏ ညဘက်သွားလာလှုပ်ရှားမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန်၊ လမ်းသွားလမ်းလာများနှင့် ယာဉ်အသွားအလာများ ဘေးကင်းလုံခြုံစေရန်အပြင် လူမှုဘဝနှင့် နေထိုင်မှုအဆင်ပြေမှုများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့တွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ ပူးပေါင်း၍ မိုင်းငေါ့မြို့တွင်းရှိ လမ်းမ၊ စျေးရပ်ကွက် လမ်းနှင့် မန်လုံရပ်ကွက်တို့တွင် (35W) အားရှိသော ဆိုလာမီးတိုင် စုစုပေါင်း (၄၆)တိုင်နှင့် ဆိုလာမီး စုစုပေါင်း (၄၆)လုံးဖြင့် တပ်ဆင်ပြီးစီးနိုင်ခဲ့ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ