PSLF/TNLA ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်း၍ တအာင်းပြည်အတွင်းရှိ မြိုနယ်အသီးသီး၌ ဒေသဖွံဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့
နမ့်ဆန်၊ နိုဝင်ဘာ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်ရှိ နမ္မတူ၊ မိုင်းဝီး၊ မန်တုံနှင့် နမ့်ဆန်မြို့တို့တွင် မြို့အတွင်းသာယာလှပရေး၊ သန့်ရှင်းသပ်ရပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ရည်ရွယ်၍ PSLF/TNLA ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သန့်ရှင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နမ္မတူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့မှစတင်၍ ရပ်ကွက် (၉) အတွင်းရှိ ပျက်စီးနေသော လမ်းများကို ကတ္တရာလမ်းသစ်များအဖြစ် ပြန်လည်ခင်းပေးခဲ့ပြီး လမ်းဘေးဝဲယာရှိ ရေမြောင်းများကိုလည်း စနစ်တကျ ပြုပြင်ပေးခဲ့သည်။ ထို့အပြင် စက်တင်ဘာလ (၃၀) ရက်နေ့မှစတင်၍ မီးပွိုင့်လမ်းဆုံ၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လမ်းတစ်ဖက်လျှင် ပေ (၂၀၀) အထိ တိုးချဲ့ခြင်း၊ လမ်းအကျယ်ကို (၂၅) ပေမှ (၂၉) ပေအထိ ချဲ့ထွင်ခြင်း၊ မြေညှိခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မိုင်းဝီးမြို့လည်း အောက်တိုဘာလ (၁၀) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မြို့လယ်အတွင်း ဆက်သွယ်ထားသော တံတားတစ်စင်းကို ဆေးရောင်ခြယ်သုတ်လိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် မန်တုံမြို့တွင် အောက်တိုဘာ (၁၂) ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အ.ထ.က (၁) စာသင်ကျောင်းအတွင်းရှိ မြက်ပင်၊ ခြုံပင်များကို ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။

နမ့်ဆန်မြို့အတွင်းလည်း ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ မန်ခိုက်ရပ်ကွက်မှ ပြည်သူလူထု (၁၈၀) ဦးကျော်၊ ငွန်ဆိုင်းရပ်ကွက်မှ (၁၈၀) ဦးကျော်၊ လွယ်ခမ်းရပ်ကွက်မှ (၁၀၀) ဦးကျော်နှင့် မိုးဂဲရပ်ကွက်မှ (၃၀) ဦးကျော်တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ရေမြောင်းတူးဖော်ခြင်းနှင့် မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယာဉ်သွားလာမှုဆိုင်ရာ လမ်းအမှတ်အသားများ ဆေးရောင်ခြယ်ခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပျက်စီးဟောင်းနွမ်းနေသော အိမ်များကို ဖြိုချခြင်း၊ မြို့တွင်းလမ်းမကြီးအနီးရှိ ပန်းပင်၊ သစ်ပင်နှင့် ခြုံပင်များကို ရှင်းလင်းခြင်း၊ ဆိုင်ရှေ့ရှိ ဟောင်းနွမ်းပျက်စီးနေသော မိုးကာများနှင့် ပလတ်စတစ်အမှိုက်များကို ဖယ်ရှားခြင်း၊ ရေပိုက်များ တပ်ဆင်ခြင်းနှင့် ရေမြောင်းများ တူးဖော်ခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရခြင်းမှာ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ မြို့လယ်တံတားနှင့် မြို့ပြအင်္ဂါရပ်များ သာယာလှပ စနစ်ကျစေရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်၊ ရေဆိုးရေညစ်များ စုပုံမှု လျော့နည်းစေရန်၊ မြို့တွင်း သန့်ရှင်းသပ်ရပ်မှုနှင့် သာယာလှပမှုကို မြှင့်တင်ရန်နှင့် ဒေသခံများ၏ ကျန်းမာရေးနှင့် သွားလာရေးဆိုင်ရာ လိုအပ်ချက်များကို အဓိက အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ