တအာင်းမြေတက္ကသိုလ်-TLU တွင် ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံမည်
နမ့်ဆန်၊ အောက်တိုဘာ ၂၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တအာင်းမြေတက္ကသိုလ် (Ta’ang Land University - TLU) တွင် ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို လာမည့် နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း TLU က ထုတ်ပြန်ထားသည်။
အဆိုပါ ပညာသင်နှစ်ကို ပညာရေးစနစ်ဟောင်း Grade (10) အောင်မြင်သူများ၊ စနစ်သစ် Grade (12) အောင်မြင်သူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ပါဝင်ခဲ့သည့် ကျောင်းသူ/သားများ ကျောင်းအပ်နှံနိုင်မည်ဖြစ်သည်။
ကျောင်းအပ်နှံလိုသူများအနေဖြင့် အောင်စာရင်းမိတ္တူ (သို့မဟုတ်) ကျောင်းပြီးမြောက်ကြောင်းလက်မှတ်၊ ကျောင်းသားကတ်မိတ္တူ၊ နောက်ဆုံးအောင်မြင်ခဲ့သည့်အတန်းနှင့် သင်တန်းနှစ်ဆိုင်ရာ အချက်အလက်များ၊ CDM ဖြစ်ကြောင်း ဝန်ခံချက်နှင့် သက်ဆိုင်ရာအကြီးအကဲ၏ ထောက်ခံချက်တို့ကို ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ထားသည့်ကာလအတွင်း ကျောင်းဝင်ခွင့်မှတ်ပုံတင်ရမည်ဖြစ်ပြီး သင်တန်းကြေးနှင့် အခြားလိုအပ်သည့်အခကြေးငွေများကိုလည်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းသား/သူများသည် အထူးပြုဘာသာရပ် (၂) ခုဖြစ်သည့် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ကို လျှောက်ထားနိုင်ပြီး ဝိဇ္ဇာဘာသာရပ်မှာ မြန်မာ၊ အင်္ဂလိပ်၊ ဒဿနိကဗေဒ၊ တအာင်းရေးရာဘာသာရပ် ပါရှိပြီး သိပ္ပံဘာသာရပ်မှာ သင်္ချာဘာသာရပ် ပါရှိမည်ဖြစ်သည်။

ပညာသင်နှစ် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး စာသင်ကာလ (Semester) နှစ်ခုဖြင့် သင်ကြားပို့ချသွားမည် ဖြစ်သည်။ သင်တန်းများကို တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ (၅း၀၀) နာရီမှ (၁၀း၀၀) နာရီအထိ အွန်လိုင်းစနစ် (Zoom) ဖြင့် သင်ကြားပေးသွားမည်ဖြစ်သဖြင့် ကိုယ်ပိုင်အီမေးလ်နှင့် Telegram အကောင့်များ ရှိရန်လိုအပ်သည်။ သင်ကြားမည့်ဘာသာရပ်များမှာ ကျောင်းသူ/သားများ ရွေးချယ်ထားသည့် အထူးပြုဘာသာရပ် (Major) နှင့် သက်ဆိုင်ရာ ဆရာ/မများ၏ သင်ကြားပို့ချနိုင်မှုအပေါ် မူတည်မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
သတ်မှတ်ထားသည့် စည်းကမ်းချက်များအနေဖြင့် တက္ကသိုလ်၊ ဆရာ/မများ၊ ကျောင်းသူ/သားနှင့် ဝန်ထမ်းတို့၏ လုံခြုံရေးနှင့် သတင်းအချက်အလက်များကို မပေါက်ကြားစေရန်၊ သင်တန်းဆိုင်ရာ လုပ်ငန်းတာဝန်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်၊ သင်တန်းချိန်ကို အနည်းဆုံး (၇၅) ရာခိုင်နှုန်းတက်ရောက်နိုင်ရန် သတ်မှတ်ထားပြီး အတန်းပုံမှန်မတက်နိုင်ခြင်းရှိပါက ခွင့်တိုင်ကြားရမည်ဖြစ်သည်။ ထို့အပြင် ပညာသင်ကြားမှု ရပ်နားလိုပါက သက်ဆိုင်ရာ ဆရာ/မများနှင့် တက္ကသိုလ်သို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်သည်။
အဆိုပါ သတ်မှတ်ထားသည့် ပညာသင်ကြားမှုကာလကို အောင်မြင်စွာ ပြီးဆုံးသူများအား ဝိဇ္ဇာဘွဲ့ (BA) နှင့် သိပ္ပံဘွဲ့ (BSc) တို့ကို သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးအပ်သွားမည်ဖြစ်သည်။ အောင်မြင်ပြီးမြောက်သူများအနေဖြင့် မိမိကြိုက်နှစ်သည့်လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် လွတ်လပ်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။
ကျောင်းအပ်နှံလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို TLU ၏ တရားဝင် Facebook Page မှ တစ်ဆင့် စုံစမ်းနိုင်သကဲ့သို့ တက္ကသိုလ်ရုံးချုပ်သို့လည်း လူကိုယ်တိုင် သွားရောက်စုံစမ်းပြီး ကျောင်းအပ်နှံနိုင်ပြီဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ