တအာင်းပြည်တွင် ပြည်သူများ၏ ဥပဒေဆိုင်ရာအခွင့်အရေးများ ကာကွယ်ပေးနိုင်ရန် တရားရေးအရာရှိ အပတ်စဉ်(၂) သင်တန်းဆင်းပွဲ ကျင်းပ
နမ့်ဆန်၊ အောက်တိုဘာ ၁၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့တွင် တရားရုံးချုပ်၏ လေ့ကျင့်ရေးအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် အပတ်စဉ် (၂) တရားရေးအရာရှိသင်တန်းဆင်းပွဲ အခမ်းအနားကို တအာင်းပြည်အတွင်း ပြည်သူများ၏ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်ပေးပြီး တရားမျှတမှု ဖော်ဆောင်နိုင်မည့် တရားရေးအရာရှိများ မွေးထုတ်ပေးရန် ရည်ရွယ်၍ အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်က ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနှင့် လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေးတို့အတွက် ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ပြီး လူတိုင်းအပေါ် ဥပဒေကို တန်းတူညီမျှစွာ ကျင့်သုံးသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော တရားစီရင်ရေးစနစ် တည်ဆောက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရားရေးအရာရှိများနှင့် တရားသူကြီးများသည် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရားလေးပါး ကင်းရှင်းရန် လိုအပ်ပြီး ယင်းသို့ ကင်းရှင်းမှသာ အမှုအခင်းများကို ဘက်လိုက်မှုမရှိဘဲ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ စီရင်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ သင်တန်းအောင်မြင်ပြီးမြောက်သူများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သည့် တာဝန်သိပြီး ဘက်မလိုက်သော တရားရေးအရာရှိကောင်းများ ဖြစ်လာစေရန်လည်း တိုက်တွန်းခဲ့သည်။

အဆိုပါသင်တန်းသားများသည် တအာင်းဥပဒေအကယ်ဒမီကျောင်း (TLA) အပတ်စဉ် (၂) မှ ကျောင်းသား/သူများဖြစ်ပြီး (၂) နှစ်ကြာ ဥပဒေဆိုင်ရာဘာသာရပ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ပုဂ္ဂိုလ်ရေးစွမ်းရည်မြှင့်တင်ရေး၊ တအာင်းရုံးသုံးစာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာတို့ကို သင်ယူခဲ့ကြသည်။ ထို့နောက် (၆) လကြာ တရားရေးအရာရှိသင်တန်းတွင် ပထမ (၃) လ၌ ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးပုံ၊ စီရင်ချက်ရေးသားနည်းနှင့် တရားရေးရုံးလုပ်ငန်းများကို သင်ယူခဲ့ပြီး နောက်ဆုံး (၃) လ၌ တရားရုံးများတွင် လက်တွေ့အမှုစီရင်ပုံနှင့် တရားရုံးလုပ်ငန်းလည်ပတ်ပုံများကို လေ့လာကာ စာတမ်းရေးသားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ နောက်ဆုံးစာမေးပွဲ ဖြေဆိုပြီးနောက် သင်တန်းသားများသည် တအာင်းပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားသူကြီးနှင့် တရားရေးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

သင်တန်းဆင်းပွဲတွင် အောင်မြင်ပြီးမြောက်သူ (၇) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ထူးချွန်သူများကိုလည်း ဆုများ ချီးမြှင့်ခဲ့သည်။ ထို့ပြင် သင်တန်းဆင်းတရားရေးအရာရှိများက ကတိသစ္စာပြု ကျမ်းကျိန်ခြင်းများ ပြုလုပ်ခဲ့သည်။
တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများမှ ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ အပြည့်အဝရရှိစေရေး၊ တရားစီရင်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ လည်ပတ်နိုင်ရန်၊ တရားသူကြီးတစ်ဦးမှ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ တအာင်းပြည်အတွင်း နေထိုင်နေသည့် ပြည်သူများကို တရားမျှတမှု ဖော်ဆောင်ပေးရန်နှင့် မွေးထုတ်ပေးရန်တို့ ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်၊ အုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် ဂူ;ဇာရ်၊ တအာင်းမြေ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ဟောည်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများအပါဝင် စုစုပေါင်း လူဦးရေ (၁၀၀) ဦးဝန်းကျင် တက်ရောက်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ