နမ့်ဆန်မြို့တွင် PSLF/TNLA အထွေထွေအုပ်ချုပ်ရေးဌာန(ရုံးချုပ်)မှ ဒေသန္တရအုပ်ချုပ်ရေး ထိရောက်စေရန် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး
နမ့်ဆန်၊ အောက်တိုဘာ ၁၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့တွင် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် PSLF/TNLA အထွေထွေအုပ်ချုပ်ရေးဌာန (ရုံးချုပ်) မှ ဦးဆောင်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဌာန ဒုဌာနမှူး ဗိုလ်မှူးဆီုပ်ဇာရ်က မြို့နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးကို အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တန်းတူညီမျှစွာ ဆက်ဆံရန်၊ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများနှင့် ညှိနှိုင်းတိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်း ဖြစ်ပွားသည့် ပြဿနာများနှင့် အခက်အခဲများကို တာဝန်ယူကူညီဖြေရှင်းပေးရန်နှင့် မိမိတို့တာဝန်ယူထားသည့် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်ထိရောက်လာစေရန် အစဉ်တစိုက် ကြိုးစားဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ပြုပြင်ပေးရေး၊ လျှပ်စစ်မီး ပိုမိုကောင်းမွန်စွာ ရရှိရေးတို့အပြင် မိမိတို့ဒေသအတွင်း ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြဿနာများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တာဝန်ယူထားသည့် လုပ်ငန်းများကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်လာစေရေး၊ ပြည်သူများနှင့် နီးကပ်စွာ ချိတ်ဆက်ပြီး ဒေသအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကြား ပုံမှန်ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန်လည်း ရည်ရွယ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးဆီုပ်ဇာရ်၊ အုပ်ချုပ်ရေးဌာနမှ အထွေထွေအတွင်းရေးမှူး မိုင်းတင်အောင်၊ မြို့နယ်မှ ဗိုလ်ခေါပ်ပြာနှင့် အထွေထွေအုပ်ချုပ်ရေးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများ၊ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် လူဦးရေ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ