2217

မန်တုံမြို့နယ် ပန်ခါးကြီးကျေးရွာတွင် ဝဥထွက်ရှာနေစဥ် ပျားကြီးတုပ်ခံရသောကြောင့် အမျိုးသား (၁) ဦး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
07 October 2026

မန်တုံမြို့နယ် ပန်ခါးကြီးကျေးရွာတွင် ဝဥထွက်ရှာနေစဥ် ပျားကြီးတုပ်ခံရသောကြောင့် အမျိုးသား (၁) ဦး သေဆုံး

မန်တုံ၊ အောက်တိုဘာ ၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံမြို့နယ်၊ ပန်ကုံးကျေးရွာအုပ်စု၊ ပန်ခါးကြီးကျေးရွာတွင် ဝဥထွက်ရှာနေစဉ် ပျားတုပ်ခံရသောကြောင့် အမျိုးသား (၁)ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက် ညနေ (၅း၀၀) နာရီအချိန်၌ ပန်ခါးလေးကျေးရွာတွင် နေထိုင်သည့် အသက် (၆၄) နှစ်အရွယ် ဦးခမ်းလွန်သည် ပန်ခါးကြီးကျေးရွာသို့ သွားသည့် လမ်းဘေးတောအတွင်း ဝဥထွက်ရှာနေစဉ် ပျားတုပ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါအမျိုးသား၏ ခန္ဓာကိုယ်အနှံ့ ပျားကြီးများ ပြင်းထန်စွာ တုပ်ခံရကာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရုပ်အလောင်းကို ပြီးခဲ့သည့် အောက်တိုဘာလ (၆) ရက်နေ့တွင် မိုင်းညီဆန်းတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အကြောင်းကြားခဲ့သည်။ ထို့နောက် မန်တုံမြို့နယ်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်အုပ်စု၊ မန်စုံကျေးရွာတွင် အမျိုးသမီး (၂) ဦး လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုပ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။

တောတောင်များအတွင်း အမဲလိုက်ခြင်း၊ သစ်တောထွက်ပစ္စည်း ရှာဖွေခြင်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်သူများအနေဖြင့် ပျားအုံများနှင့် အခြားအင်းဆက်ပိုးမွှားများ ရှိနိုင်သည့် နေရာများကို သတိထားရှောင်ရှားသင့်သည်။ တောတောင်အတွင်း သွားလာရာတွင် ပတ်ဝန်းကျင်ကို သေချာစွာ ကြည့်ရှုခြင်း၊ အန္တရာယ်ရှိနိုင်သည့် နေရာများသို့ မလိုအပ်ဘဲ အနီးကပ်သွားရောက်ခြင်းနှင့် ဖြစ်နိုင်ပါက အုပ်စုလိုက်သွားလာခြင်းတို့ကို ပြုလုပ်သင့်သည်။ ပျားနှင့် အခြားအင်းဆက်ပိုးမွှားများ တုတ်ခံရပြီးနောက် အသက်ရှူကြပ်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ် ဖူးရောင်ခြင်း၊ မူးဝေခြင်း (သို့မဟုတ်) သတိလစ်ခြင်းကဲ့သို့ လက္ခဏာများ ဖြစ်ပေါ်လာပါက အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေ ဖြစ်သောကြောင့် အနီးဆုံးဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးကုသမှုခံယူသင့်သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့နယ် ပန်ခါးကြီးကျေးရွာတွင် ဝဥထွက်ရှာနေစဥ် ပျားကြီးတုပ်ခံရသောကြောင့် အမျိုးသား (၁) ဦး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်