တအာင်းပြည် ပညာရေးကောင်စီ (TLEC) ဦးဆောင်၍ နမ့်ဆန်မြို့နှင့် တအာင်းပညာရေးအကယ်ဒမီတွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပ
နမ့်ဆန်၊ အောက်တိုဘာ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့ရှိ အထက (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် တအာင်းပညာရေးအကယ်ဒမီ (TEA) ဘွဲ့နှင်းသဘင်ခန်းမတို့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC) မှ ဦးဆောင်၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို ဂါရဝပြုသည့်အနေဖြင့် ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) အခမ်းအနားများကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပခဲ့သည်။

နမ့်ဆန်မြို့ရှိ အခမ်းအနားကို တအာင်းပြည် ပညာရေးကောင်စီ (TLEC) မှ ဦးဆောင်၍ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပခဲ့ပြီး နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့အပြင် တအာင်းပြည် ပညာရေးကောင်စီ အတွင်းရေးမှူး၊ နမ့်ဆန်မြို့နယ် ပညာရေးမှူးနှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ထိုနောက် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးမှ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ TLEC ပညာရေးမှူးများ၊ ဒါရိုက်တာနှင့် တွဲဖက်ဒါရိုက်တာများ၊ အတွင်းရေးမှူးများ၊ တအာင်းပြည် အဆင့်မြင့်ပညာရေးကျောင်းမှ ဒါရိုက်တာများ၊ လက်ဖက်အသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နမ့်ဆန်မြို့ရှိ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

ထို့အပြင် တအာင်းပညာရေးအကယ်ဒမီ (TEA) ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း တအာင်းပြည် ပညာရေးကောင်စီ (TLEC) နှင့် တအာင်းပညာရေးအကယ်ဒမီ (TEA) တို့ ပူးပေါင်းစီစဉ်၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တအာင်းပညာရေးအကယ်ဒမီမှ ဌာနမှူးများ၊ မော်ကွန်းထိန်း၊ ဒုဌာနမှူး၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခြင်းနှင့် အမှတ်တရပစ္စည်းများ လက်ဆောင်ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် TLEC ဆရာ၊ ဆရာမများကလည်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကပြဖျော်ဖြေခြင်းအစီအစဉ်များ ပါဝင်တင်ဆက်ခဲ့ကြသည်။

ကမ္ဘာ့ဆရာများနေ့သည် ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ ပညာရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးမှုများနှင့် အရေးပါသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုသည့် အထိမ်းအမှတ်နေ့ဖြစ်သည်။


ပညာရေးသည် လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကို အလင်းရောင်ပေးပြီး အနာဂတ်မျိုးဆက်သစ်များ၏ ဘဝခရီးလမ်းကို ပုံဖော်တည်ဆောက်ပေးသည့် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သကဲ့သို့ ဆရာ၊ ဆရာမများသည် လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားပေးသူများသာမက အနာဂတ်မျိုးဆက်များကို ပြုစုပျိုးထောင်ပေးသည့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ