PSLF/TNLA ၏ တရားစီရင်ရေးဌာနမှ တရားရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၂၀) ဦး စတင်ခေါ်ယူနေ
နမ့်ဆန်၊ စက်တင်ဘာ ၁၂ ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားစီရင်ရေးဌာနတွင် တရားစီရင်ရေးလုပ်ငန်းစဉ်များ ချောမွေ့မြန်ဆန်စေရန်၊ တရားစီရင်ရေးနှင့် ရုံးကိစ္စရပ်များ မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရေးအတွက် တရားရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စားသော ဝန်ထမ်း (၂၀) ဦး စတင်ခေါ်ယူနေကြောင်း တရားစီရင်ရေးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

တရားစီရင်ရေးဌာနကို ၂၀၁၈ ခုနှစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF ၏ နှစ်ပတ်လည်အစည်းအဝေး ဆုံးဖြတ်ချက်အရ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ စတင်ဖွဲ့စည်းချိန်တွင် တရားသူကြီး (၄) ဦးဖြင့် ခရိုင် (၅) ခရိုင်အတွင်းရှိ အမှုများကို စီမံကွပ်ကဲတရားစီရင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှစ၍ တရားသူကြီးအင်အားများ ထပ်မံဖြည့်စွက်ကာ ခရိုင်နှင့် မြို့နယ်များအတွင်းရှိ အမှုများကို စီရင်ဆုံးဖြတ်ခဲ့ပါသည်။

ယခု ၂၀၂၆ ခုနှစ်တွင်မူ ဗဟိုတရားရုံး၊ (က)အဆင့် မြို့နယ်တရားရုံး၊ (ခ)အဆင့် မြို့နယ်တရားရုံး၊ (ဂ)အဆင့် မြို့နယ်တရားရုံးများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး တရားသူကြီး (၂၀) ဦးဖြင့် အမှုများကို ဆက်လက်စီရင်ဆုံးဖြတ်လျက်ရှိသည်။ ထို့ကြောင့် တရားစီရင်ရေးနှင့် ရုံးကိစ္စရပ်များ မှန်ကန်မြန်ဆန်စွာ လည်ပတ်နိုင်ရေးအတွက် တရားရုံးစာရေး၏ အခန်းဏ္ဍသည် အလွန်အရေးကြီးပါသည်။

တရားရုံးစာရေး ဝန်ထမ်းများသည် တရားစီရင်ရေးဆိုင်ရာ စာရွက်စာတမ်းများနှင့် အမှုတွဲများကို စနစ်တကျ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အထောက်အကူပြု လုပ်ငန်းများကို အဓိက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး တရားရုံး၏ တရားစီရင်ရေးလုပ်ငန်းစဉ်များ ပိုမိုတိကျ စနစ်ကျရေးနှင့် တရားမျှတမှုရရှိရေး လမ်းကြောင်းတွင် အရေးပါသောအခန်းဏ္ဍမှ တာဝန်ဆောင်ရွက်ရန် လိုအပ်ပါသည်။

လျှောက်ထားလိုသူများအနေဖြင့် စနစ်ဟောင်း (၁၀) တန်း (သို့မဟုတ်) စနစ်သစ် (၁၂) တန်း အောင်မြင်ပြီးသူ (သို့မဟုတ်) ဘွဲ့ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ရှိရမည် ဖြစ်ပါသည်။ ထို့အပြင် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သူ၊ ကွန်ပျူတာ အခြေခံအသုံးပြုနိုင်သူ (Excel, Microsoft Word) နှင့် ရုံးသုံးဘာသာစကား အခြေခံတတ်ကျွမ်းသူ ဖြစ်ရမည်ဖြစ်ပါသည်။
အဆိုပါခန့်အပ်ခြင်းခံရသူများသည် ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိစာချုပ် ချုပ်ဆိုရမည်။ ယင်းနောက် လုပ်သက် (၃) နှစ်မပြည်မီ ဌာနပြောင်းရွေ့ခြင်း/ နှုတ်ထွက်ခြင်း ပြုလုပ်ပါက လျော်ကြေးငွေ (၅,၀၀၀,၀၀၀) ကျပ်တိတိ ပေးဆောင်ရမည်ဖြစ်ကြောင့် ထုတ်ပြန်ထားပါသည်။
တရားရုံးစာရေးလုပ်ငန်းများကို စိတ်ဝင်စား၍ လျှောက်လိုသူများအနေဖြင့် လျှောက်လွှာများကို စက်တင်ဘာလ (၃၀) ရက်နေ့တွင် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အောက်တိုဘာလ (၇) ရက်နေ့တွင် လူတွေ့စစ်ဆေးသွားမည်။ လျှောက်လွှာများကို WhatsApp/Telegram ဖုန်းနံပါတ် - ၀၉-၆၇၅၈၂၂၁၅၅ (သို့မဟုတ်) တရားရုံးသို့ ကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ ထို့အပြင် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် - ၀၉-၄၀၃၃၁၅၁၁၇ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ