တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် TIH ၏ ဆေးပညာဘွဲ့ (M.B.,B.S) အတွက် ဒုတိယအကြိမ် ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူနေကြောင်း အသိပေးအပ်
နမ့်ဆန်၊ စက်တင်ဘာ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.,B.S)] အတွက် ဒုတိယအကြိမ် ဝင်ခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ခေါ်ယူနေကြောင်း THC မှ ထုတ်ပြန်ကြောညာခဲ့ပါသည်။

လျှောက်ထားသူများသည် သိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) Grade -12 အောင်မြင် ပြီးမြောက်ထားသူများ၊ GED (General Education Development) (သို့မဟုတ်) GCSE (International General Certificate of Secondary Education) အောင်မြင်ထားသူများဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် အမှတ်အဆင့်များ ပြည့်မှီရမည်ဖြစ်ပါသည်။

ထို့ပြင် လျှောက်လွှာနှင့်အတူ အခြေခံပညာအထက်တန်းအောင်မြင်ကြောင်းလက်မှတ်နှင့် အမှတ်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ သက်ဆိုင်ရာကျန်းမာရေးဌာန၏ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ကိုယ်ကျင့်တရားကောင်းမွန်ကြောင်းထောက်ခံစာများကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

ဤသင်တန်းကာလအနေဖြင့် စာသင်နှစ် (၆) နှစ်နှင့် အလုပ်သင်ကာလ (၁) နှစ် စုစုပေါင်း (၇)နှစ်ကြာမြင့်မည်ဖြစ်၍ ပညာသင်နှစ်ပြီးဆုံးပါက ဆေးပညာဘွဲ့ (M.B.,B.S) ဘွဲ့ဒီဂရီ ပေးအပ်သွားမည်ဖြစ်ကာ တအာင်းပြည် (သို့မဟုတ်) TIH ၏ သတ်မှတ်ထားသည့်ဒေသများတွင် အနည်းဆုံး (၃) နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါဝင်ခွင့်လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ ၁၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး TIH ၏ Facebook Page Messenger မှ Application Form (Google Link) တောင်းခံ၍ လျှောက်ထားနိုင်ပါသည်။ ဆေးကျောင်းဝင်ခွင့်အောင်မြင်သူများအနေဖြင့် အောက်တိုဘာလ (၁၉) ရက်နေ့တွင် ကျောင်းတက် ရောက်နိုင်ခြင်းရှိ/မရှိ နောက်ဆုံးထားအကြောင်းပြန်ရမည်ဖြစ်ပြီး နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျောင်းဖွင့်လှစ်သွားမည်ဖြစ်သည်။

“Tealand Institutes of Health-TIH” သည် တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများအတွက် အရည်အသွေးပြည့်မှီပြီး စိတ်ချလုံခြုံသည့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေးအတွက် အရည်အချင်းပြည့်ဝသော ဆေးပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ထို့ပြင် သင်တန်းအသေးစိတ်သိရှိလိုပါက TIH ၏ Telegram-@Hi9h1ander (သို့မဟုတ်) [email protected] မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထပ်မံ အသိပေးအပ်ပါသည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ