2101

တအာင်းစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအတွက် နမ့်ခမ်းမြို့တွင် စာပေညီလာခံ ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
30 August 2026

တအာင်းစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအတွက် နမ့်ခမ်းမြို့တွင် စာပေညီလာခံ ကျင်းပပြီးစီး

နမ့်ခမ်း၊ သြဂုတ် ၃၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းမြို့ရှိ တအာင်းစာပေခန်းမ၌ ကျင်းပသည့် တအာင်းစာပေ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးကို ရည်ရွယ်၍ တအာင်းစာအဖွဲ့-TLA မှ ဦးဆောင်ပြီး တအာင်းစာပေညီလာခံကို သြဂုတ်လ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။



အဆိုပါ ညီလာခံအခမ်းအနားတွင် PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားမှ တအာင်းစာပေသည် (၅၄) နှစ်တာ သက်တမ်းရှိလာပြီဖြစ်ပြီး ယခင်က ဖွံ့ဖြိုးတိုးတက်မှု အရှိန်နှေးကွေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တဖြည်းဖြည်း တိုးတက်အားကောင်းလာလျက်ရှိကြောင်း၊ တအာင်းလူမျိုး၏ အမှတ်သညာဖြစ်သည့် စာပေနှင့် ဘာသာစကားကို ပညာရေး၊ ရုံးသုံးနှင့် လူမှုဘဝကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြု၍ ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။



ထို့အပြင် စာပေနှင့် ဘာသာစကားကို ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် တအာင်းလူမျိုးနှင့် ဘာသာစကား မပျောက်ပျက်စေရန် ကာကွယ်နိုင်ပြီး အနာဂတ်မျိုးဆက်များထံ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



အဆိုပါ ညီလာခံကို PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီးဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်အိုမ်တမာဝ်းနှင့် တအာင်းစာပေပညာရှင်များ၊ တအာင်းစာပေသံဃာတော်များ၊ တအာင်းစာပေကော်မရှင်အဖွဲ့၊ တအာင်းယဉ်ကျေးမှုနှင့် စာပေအဖွဲ့၊ တအာင်းပါတီအဖွဲ့၊ တအာင်းအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများ၊ တအာင်းစာပေကို စိတ်ဝင်စားသည့် လူငယ်များနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ဦးကျော် တက်ရောက်ခဲ့သည်။


ညီလာခံတွင် တအာင်းစာအဖွဲ့က ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို တင်ပြရှင်းလင်းခဲ့ပြီး တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျယ်ပြန့်စွာ ပြန့်ပွားရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ ပြုပြင်မွမ်းမံရန် လိုအပ်သည့် စာပေ၊ သင်ရိုးနှင့် အသုံးအနှုန်းများကို ဆွေးနွေးအကြံပြုခဲ့ကြသည်။ ခေတ်နှင့်အညီ တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နည်းပညာအသုံးချမှု ပိုမိုအားကောင်းလာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် UNESCO မှ သတ်မှတ်ထားသည့် စာပေနှင့် လူမျိုးဆိုင်ရာ သတ်မှတ်ချက်များကို တအာင်းစာပေအတွက် အထောက်အကူပြုနိုင်ရေးအတွက် တင်ပြဆွေးနွေးခဲ့ကြသည်။

ညီလာခံကို တက်ရောက်လာသူများလည်း မိမိတို့၏ အတွေ့အကြုံများ၊ အမြင်သဘောထားများနှင့် မိမိတို့ပြုစုရေးသားထားသည့် စာပေမူကြမ်းများကို တင်ပြဆွေးနွေးကာ အကြံပြုချက်များ အပြန်အလှန်ဖလှယ်ခဲ့ကြပြီး တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအတွက် အရေးပါသည့် သဘောတူညီချက်များကို ရရှိခဲ့သည်။

ညီလာခံမှ တအာင်းစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပြီး တအာင်းရုံးသုံးစာ၏ အခြေခံမူ (၁၀) ချက်အား ဆက်လက်အတည်ပြုကျင့်သုံးရန်နှင့် ယခင်က အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များကို အတည်ပြုရန် သဘောတူခဲ့ကြသည်။

ထို့အပြင် တအာင်းရုံးသုံးစာပေကော်မရှင်အဖွဲ့၏ တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ယင်းကော်မရှင်အဖွဲ့ကို ပြန်လည်ရုပ်သိမ်းရန် သဘောတူခဲ့ကြသည်။




တအာင်းပြည်ပညာရေးကောင်စီ (TLEC) ၏ သင်ရိုးညွှန်းတမ်းတွင် တအာင်းရုံးသုံးစာကို အထက်တန်းအဆင့်အထိ သင်ကြားပို့ချနိုင်ရေး စနစ်တကျ ပြုစုပျိုးထောင်ရန်၊ တအာင်းစာအဖွဲ့နှင့် စာပေ၊ ယဉ်ကျေးမှုအဖွဲ့များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်နှင့် တအာင်းစာအဖွဲ့တွင် တတ်သိပညာရှင်များဖြင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖြည့်တင်းအားကောင်းလာစေရန် စသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်သည့် ဆုံးဖြတ်ချက်များကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ကြသည်။

Website Official
www.taangland.org



Telegram Official Channel
https://t.me/pslftnlanews



Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV



YouTube Official
https://www.youtube.com/@pslftnlanews



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအတွက် နမ့်ခမ်းမြို့တွင် စာပေညီလာခံ ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်