2072

နမ္မတူမြို့တွင် တအာင်းပြည်၏ ဗဟိုသာသနာရေးရာအဖွဲ့ ဦးဆောင်၍ ဒုတိယအကြိမ် ဘာသာကြီးလေးရပ်မှ အကြီးအကဲများ တွေ့ဆုံပွဲကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
20 August 2026

နမ္မတူမြို့တွင် တအာင်းပြည်၏ ဗဟိုသာသနာရေးရာအဖွဲ့ ဦးဆောင်၍ ဒုတိယအကြိမ် ဘာသာကြီးလေးရပ်မှ အကြီးအကဲများ တွေ့ဆုံပွဲကျင်းပ


နမ့်ဆန်၊ သြဂုတ် ၂၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့တွင် တအာင်းပြည်၏ ဗဟိုသာသနာရေးရာအဖွဲ့ ဦးဆောင်၍ ဘာသာကြီးလေးရပ်မှ အကြီးအကဲများအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတည်ဆောက်နိုင်ရန် ရည်ရွယ်သည့် ဒုတိယအကြိမ် ဘာသာရေးအကြီးအကဲများ တွေ့ဆုံပွဲကို သြဂုတ်လ (၁၉) ရက်နေ့တွင် ကျင်းပခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲသို့ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့မှ ဘာသာရေးအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ဘာသာကြီးလေးရပ်မှ ကိုယ်စားလှယ်များက မိမိတို့၏ ဘာသာရေးဆိုင်ရာ အကြောင်းအရာများအပြင် ဘာသာရေးအဆောက်အအုံများဖြစ်သည့် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်းနှင့် ဗလီများ၏ တည်နေရာ၊ အကျယ်အဝန်းနှင့် မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှိ/မရှိတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။


ထို့ပြင် မတူညီသော ဘာသာရေးအသိုင်းအဝိုင်းများအကြား ဘာသာတရားတစ်ခုနှင့်တစ်ခု၏ ယုံကြည်ချက်များ၊ ဓလေ့ထုံးတမ်းများကို အပြန်အလှန်နားလည်လေးစားနိုင်ရန် ဆွေးနွေးပွဲများနှင့် စုပေါင်းလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြသည်။


သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသူများ၊ သက်ကြီးရွယ်အိုများနှင့် အခက်အခဲကြုံတွေ့နေရသူများအား လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီပံ့ပိုးနိုင်ရေးအတွက် လူမှုကူညီရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူခဲ့ကြသည်။


အနာဂတ်တွင် ဘာသာရေးဆိုင်ရာ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပါက အပြန်အလှန်ဆွေးနွေးညှိနှိုင်း၍ ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန်နှင့် ဘာသာကြီးလေးရပ်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ ထို့အပြင် နှစ်စဉ် သို့မဟုတ် သတ်မှတ်ကာလအလိုက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။


ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့၌ ကွတ်ခိုင်မြို့နယ်တွင် ပထမအကြိမ် တွေ့ဆုံပွဲကို ကျင်းပခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ ဘာသာရေးတွေ့ဆုံပွဲများကို ပုံမှန်ကျင်းပပေးခြင်းဖြင့် ဘာသာပေါင်းစုံအကြား ပိုမိုနားလည်ယုံကြည်မှုရရှိစေကာ လူမှုအသိုင်းအဝိုင်း၏ ငြိမ်းချမ်းမှု၊စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TLG

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် တအာင်းပြည်၏ ဗဟိုသာသနာရေးရာအဖွဲ့ ဦးဆောင်၍ ဒုတိယအကြိမ် ဘာသာကြီးလေးရပ်မှ အကြီးအကဲများ တွေ့ဆုံပွဲကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်