2020

ကွတ်ခိုင်မြို့တွင် တအာင်းစာပေနှင့် သာသနာရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးအတွက် အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို တအာင်းသံဃာတော်အဖွဲ့ ဦးဆောင်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
30 July 2026

ကွတ်ခိုင်မြို့တွင် တအာင်းစာပေနှင့် သာသနာရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးအတွက် အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို တအာင်းသံဃာတော်အဖွဲ့ ဦးဆောင်ကျင်းပ


နမ့်ဆန်၊ ဇူလိုင် ၃၀ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ ကွတ်ခိုင်မြို့နယ်ရှိ ရွှေကမ္ဘာအေးပရိယတ္တိစာသင်တိုက်၌ တအာင်းစာပေနှင့် သာသနာရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးအတွက် ဖွင့်လှစ်ခဲ့သည့် အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ (၂၂) ရက်နေ့တွင် တအာင်းသံဃာတော်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။


 

အဆိုပါသင်တန်းကို တအာင်းစာပေ ပြန့်ပွားရေး၊ သံဃာတော်များ၏ တအာင်းဘာသာဖြင့် တရားဓမ္မဟောပြောနိုင်စွမ်း မြှင့်တင်ရေးနှင့် တအာင်းဘာသာဖြင့် သာသနာရေးစာပေများ၊ သင်ရိုးညွှန်းတမ်းများ ပြုစုထုတ်ဝေနိုင်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 


သင်တန်းကာလအတွင်း အခြေခံတအာင်းရုံးသုံးစာ၊ ဝါကျတည်ဆောက်ပုံ၊ တအာင်းသဒ္ဒါနှင့် သာသနာရေးဆိုင်ရာ အသိပညာများကို သင်ကြားပို့ချပေးခဲ့ပြီး ရဟန်းတော် (၂၇) ပါးနှင့် သင်တန်းသား (၃) ဦး၊ စုစုပေါင်း (၃၀) ဦးက ၂၀၂၆ ခုနှစ် ဇွန်လ (၂၀) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အထိ (၁) လကြာ တက်ရောက်သင်ယူခဲ့ကြသည်။


 

သင်တန်းဆင်းပွဲတွင် ဆရာတော် ဘဒ္ဒန္တဝိမလက "တအာင်းစာပေသည် တအာင်းပြည်၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တအာင်းလူငယ်တိုင်း မိမိတို့၏ မိခင်ဘာသာစာပေကို တတ်မြောက်အောင် သင်ယူရန် အရေးကြီးသည်" ဟု သြဝါဒစကား မိန့်ကြားခဲ့သည်။


 

သင်တန်းကို တအာင်းသံဃာတော် (ဗဟို) အတွင်းရေးမှူး ဆရာတော် ဦးသီဟနန္ဒနှင့် ဆရာတော် ဦးဝိမလ၊ ဦးစန္ဒာဝရ၊ ဦးကောသလ္လတို့က ဦးဆောင်သင်ကြားပို့ချပေးခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ တအာင်းပြည် သာသနာရေးအဖွဲ့၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းသားများနှင့် မိဘပြည်သူများ အပါအဝင် စုစုပေါင်း (၁၀၀) ဦးနီးပါး တက်ရောက်ခဲ့ကြသည်။

 

အလားတူ တအာင်းစာပေနှင့် တရားဓမ္မအသိပညာဆွေးနွေးသော သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သည့် (၅၃) ကြိမ်မြောက် တအာင်းစာပေနေ့ အထိမ်းအမှတ်နှင့် ပူးပေါင်းကျင်းပခဲ့ပြီး ရဟန်းတော် (၁၆) ပါး တက်ရောက်သင်ယူခဲ့ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့တွင် တအာင်းစာပေနှင့် သာသနာရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးအတွက် အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို တအာင်းသံဃာတော်အဖွဲ့ ဦးဆောင်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်