နမ့်ဆန်မြို့နယ်တွင် ကုန်တင်ယာဉ် (၂) စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသား (၂) ဦး ဒဏ်ရာရ
နမ့်ဆန်၊ ဇူလိုင် ၂၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ နားယကျေးရွာနှင့် မန်မိုင်ရပ်ကွက်တို့တွင် သီးခြားဖြစ်ပွားခဲ့သည့် ကုန်တင်ယာဉ် တိမ်းမှောက်မှု (၂) ခုကြောင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပထမဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့ ညနေ (၆:၀၀) နာရီခန့်တွင် နမ့်ဆန်မြို့မှ နောင်ချိုမြို့သို့ စားသောက်ကုန်များ တင်ဆောင်၍ မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးသည် နားယကျေးရွာအနီး၌ တိမ်းမှောက်ကာ ချောက်အတွင်းသို့ ကျရောက်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ အသက် (၂၈) နှစ်အရွယ် ကိုအောင်ကျော်ဦးမှာ ဘယ်ဘက်ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဦးအလုမှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။
ထို့ပြင် ဇူလိုင်လ (၂၂) ရက်နေ့ ည (၇:၀၀) နာရီခန့်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးသည် နမ့်ဆန်မြို့နယ်၊ မန်မိုင်ရပ်ကွက်အကျော်တွင် တိမ်းမှောက်မှု ထပ်မံဖြစ်ပွားခဲ့သည်။
ဖြစ်စဉ် (၂) ခုလုံးနှင့် ပတ်သက်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာနေရာများသို့ သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား (၂) ဦးကို ဆေးကုသမှုခံယူနိုင်ရန် လူမှုကူညီရေးအသင်းက နောင်ချိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၃) ရက်နေ့တွင်လည်း နမ့်ဆန်မြို့နယ်၊ ဟိုလတ်ကျေးရွာအနီး၌ ဘရိတ်ပေါက်မှုကြောင့် ကုန်တင်ယာဉ် (၁) စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြည်သူများအနေဖြင့် မိုးရာသီကာလအတွင်း တောင်ပေါ်လမ်းများနှင့် အကွေ့အကောက်များသော လမ်းပိုင်းများကို ဖြတ်သန်းမောင်းနှင်ရာတွင် ယာဉ်အခြေအနေနှင့် လမ်းအခြေအနေကို ဂရုပြုစစ်ဆေး၍ သတိထားမောင်းနှင်ရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ