တအာင်းပညာရေးအကယ်ဒမီ (TEA) မှ အရည်အသွေးပြည့်ဝသော ပညာရေးဝန်ထမ်းများ မွေးထုတ်နိုင်ရေးအတွက် B.Ed. အပတ်စဉ် (၄) သင်တန်းသား/သူများ ခေါ်ယူ
နမ့်ဆန်၊ ဇူလိုင် ၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း အရည်အသွေးပြည့်ဝသော ပညာရေးဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေးနှင့် ဖက်ဒရယ်ပညာရေးစနစ်အတွက် ကျွမ်းကျင်သည့် ဆရာ/ဆရာမများ ပြုစုပျိုးထောင်နိုင်ရေးကို ရည်ရွယ်၍ တအာင်းပညာရေးအကယ်ဒမီ (Ta'ang Education Academy - TEA) မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အပတ်စဉ် (၄) B.Ed. သင်တန်းတွင် တက်ရောက်မည့် သင်တန်းသား/သူ (၁၀၀) ဦးကို စတင်ခေါ်ယူနေကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ B.Ed. သင်တန်းသည် (၄) နှစ်ကြာ တက်ရောက်သင်ယူရမည့် ပညာရေးဘွဲ့သင်တန်းဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ဟူ၍ အဆင့်လိုက် သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်သူများသည် (၂) နှစ် ပြီးဆုံးပါက Diploma in Education ကို ရရှိမည်ဖြစ်ပြီး (၄) နှစ် သင်တန်းအောင်မြင်ပြီးဆုံးပါက Bachelor of Education (B.Ed.) ဘွဲ့ကို ချီးမြှင့်မည်ဖြစ်သည်။

သင်တန်းသား/သူများအနေဖြင့် ပညာသင်နှစ်တိုင်း တအာင်းပြည်ပညာရေးကောင်စီ (TLEC) လက်အောက်ရှိ အခြေခံပညာကျောင်းများတွင် (၁) လကြာ လက်တွေ့သင်ကြားရေး (Teaching Practice) ဆင်းရမည်ဖြစ်ပြီး သီအိုရီနှင့် လက်တွေ့သင်ကြားရေးလုပ်ငန်းများကို ပေါင်းစပ်သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းသို့ G-10 စနစ်ဟောင်း အောင်မြင်ထားသူများနှင့် Grade-12 စနစ်သစ်တွင် A၊ B၊ C အဆင့်ရရှိထားသူများသည် သတ်မှတ်ထားသည့် ဝင်ခွင့်အရည်အချင်းများနှင့် ပြည့်စုံပါက လိုအပ်သော စာရွက်စာတမ်းများကို တင်ပြ၍ လျှောက်ထားနိုင်သည်။ ထို့ပြင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မည်သည့်လူမျိုးဖြစ်စေ ပညာသင်ယူလိုသူများအားလုံး လျှောက်ထားတက်ရောက်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ B.Ed. အပတ်စဉ် (၄) သင်တန်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်လွှာများကို ဇူလိုင်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်သည်။

သင်ရိုးညွှန်းတမ်းတွင် ပညာရေးဘာသာရပ်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒတို့ကို အဓိကဘာသာရပ်များအဖြစ် သင်ကြားပို့ချပေးမည်ဖြစ်သည်။ ထို့အပြင် အနုပညာ၊ ကာယပညာ၊ ဒေသဆိုင်ရာသင်ရိုး၊ သတင်းအချက်အလက်နှင့် နည်းပညာ (ICT)၊ ဘဝကျွမ်းကျင်မှု၊ စာရိတ္တနှင့် ပြည်သူ့နီတိဆိုင်ရာ ဘာသာရပ်များကိုလည်း ဖွံ့ဖြိုးရေးဘာသာရပ်များအဖြစ် ထည့်သွင်းသင်ကြားပေးမည်ဖြစ်သည်။ ဖြည့်စွက်ဘာသာရပ်များအဖြစ် တအာင်းရုံးသုံးစာ၊ English (Four Corners) နှင့် ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့ပြင် TEA သည် လွတ်လပ်ပြီး ခွဲခြားမှုမရှိသော ပညာရေးစနစ်ကို တန်ဖိုးထားကာ ဖက်ဒရယ်ပညာရေးစနစ် အခြေခံမူများနှင့်အညီ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းဆင်းများအနေဖြင့် တအာင်းပြည်ပညာရေးကောင်စီ (TLEC) လက်အောက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နိုင်သည့်အပြင် အရည်အချင်းပြည့်မီသူများကို မိတ်ဖက်ပညာရေးကောလိပ်များနှင့် တက္ကသိုလ်များ၌ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တအာင်းပညာရေးအကယ်ဒမီ (TEA) သည် ယခင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ် (၁)၊ (၂) နှင့် (၃) မှ သင်တန်းဆင်း ဆရာ/ဆရာမ စုစုပေါင်း (၂၇၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် အဆိုပါကျောင်းဆင်းများသည် တအာင်းပြည်ပညာရေးကောင်စီ (TLEC) လက်အောက်ရှိ အခြေခံပညာကျောင်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကာ တအာင်းပြည်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။
ထို့အကယ်ဒမီကျောင်းကို တက်ရောက်လိုသည့် သင်တန်းသား/သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ပညာရေးရုံးတွင်သော်လည်းကောင်း၊ ပေးထားသော Google Fromဖြင့်သော်လည်းကောင်း လျှောက်လွှာများကို ဖြည့်စွက်ပြီး ဇူလိုင်လ ၁၅ ရက်နေ့မတိုင်ခင် ပေးပို့ထားရမည်ဖြစ်သည်။
လျှောက်လွှာထုတ်ယူ/ပေးပို့နိုင်သည့် နေရာများ
- သက်ဆိုင်ရာ TLEC မြို့နယ် ပညာရေးမှူးရုံး
- https://forms.gle/FKpfj95VfDemrq7UA (Google Form ဖြင့်)
- [email protected]
- Ta'ang Education Academy - Facebook Page Chat Box
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ