1937

တအာင်းပြည်အတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် မြို့နယ်မှူးအဆင့် ရဲလုပ်ငန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
15 June 2026

တအာင်းပြည်အတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် မြို့နယ်မှူးအဆင့် ရဲလုပ်ငန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ

နမ္မတူ၊ ဇွန်လ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုစွမ်းရည်၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဥပဒေဆိုင်ရာ အသိပညာများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ (၃) လကြာ ဖွင့်လှစ်ခဲ့သော မြို့နယ်မှူးအဆင့် ရဲလုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ဇွန်လ (၁၄) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။






အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုင်ကျော်၊ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင်ဆဲင်၊ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ တရားသူကြီးချုပ် တားအိုမ်ယ်ုရ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။





သင်တန်းတွင် ရဲတပ်ဖွဲ့ဝင် သင်တန်းသား (၂၃) ဦးနှင့် သင်တန်းသူ (၁) ဦး စုစုပေါင်း (၂၄) ဦးတို့ တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်းကာလအတွင်း လုပ်ငန်းခွင်၌ လက်တွေ့အသုံးချနိုင်မည့် အဓိက ဘာသာရပ် (၁၄) ခုကို စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။






သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များတွင် သက်သေခံအက်ဥပဒေ၊ အမှုစစ်လုပ်ငန်း ကြီးကြပ်ကွပ်ကဲမှု၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ ရဲစခန်းအုပ်ချုပ်ရေး၊ ရာဇသတ်ကြီးနှင့် ကျင့်ထုံးဥပဒေများ၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများ၊ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစနစ် (Community Policing)၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဘာသာရပ်များ ပါဝင်သည်။





အခမ်းအနားတွင် ဗိုလ်ချုပ် တားဘုန်းကျော်မှ “သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကို ပေါင်းစပ်အသုံးချကာ မိမိတို့တာဝန်ကျရာ နယ်မြေဒေသအသီးသီးတွင် ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများကို ကိုယ်တိုင်လေးစားလိုက်နာပြီး စံနမူနာကောင်းများအဖြစ် ရပ်တည်ကြရန်လိုကြောင်း” တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။





ထို့နောက် သင်တန်းကာလအတွင်း တာဝန်ဝတ္တရားကျေပွန်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ပညာရပ်ဆိုင်ရာ ထူးချွန်မှု၊ ဦးဆောင်မှုစွမ်းရည်နှင့် တင်ပြဆွေးနွေးနိုင်မှုစွမ်းရည်များတွင် ထူးချွန်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသည် ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေဆိုင်ရာ နားလည်တတ်ကျွမ်းမှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်များကို မြှင့်တင်ပေးနိုင်မည့်အပြင် တအာင်းပြည်အတွင်း ပြည်သူလူထုနှင့် ပူးပေါင်း၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် မြို့နယ်မှူးအဆင့် ရဲလုပ်ငန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်