သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မန်တုံနှင့် နမ့်ဆန်မြို့နယ်တွင် သစ်ပင်၊ ပန်းပင် (၁၅,၀၀၀) ကျော် စိုက်ပျိုး
မန်တုံ၊ ဇွန်လ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၅,၀၀၀) ကျော်ကို စိုက်ပျိုးပြီးစီးခဲ့သည်။

မန်တုံမြို့နယ်တွင် အာဇာနည်ကုန်း၊ အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင်၊ မန်ပတ်ကျေးရွာ၊ ဟိုမိန်းကျေးရွာ၊ လွယ်ကန်ကျေးရွာ၊ မန်ကန်ကျေးရွာနှင့် ပန်ခါးလေးကျေးရွာများအကြားရှိ လမ်းပိုင်းတစ်လျှောက်တွင် ဇွန်လ (၅) ရက်နေ့မှ (၁၀) ရက်နေ့အထိ သစ်ပင်နှင့် ပန်းပင်စုစုပေါင်း (၆,၀၀၀) ပင် စိုက်ပျိုးပြီးစီးခဲ့သည်။

အလားတူ နမ့်ဆန်မြို့နယ်ရှိ သမိုင်းဝင် လွယ်ဆိုင်ဘုရားစေတီကုန်း၊ သမိုင်းဝင် တောင်ရိုးဘုရားစေတီကုန်း၊ တောင်မကျေးရွာ၊ လွယ်ခမ်းကျေးရွာ၊ ငွန်ဆိုင်းကျေးရွာ၊ မန်ပန်ကျေးရွာ၊ မန်မိုင်ကျေးရွာ၊ ဇယ်ဘန်ကောက်ကျေးရွာနှင့် ကယားလမ်းကျေးရွာများရှိ လမ်းပိုင်းတစ်လျှောက်တွင် PSLF/TNLA တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုပေါင်းပါဝင်၍ မေလ (၁၄) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိ သစ်ပင်နှင့် ပန်းပင်ပေါင်း (၉,၀၀၀) ကျော် စိုက်ပျိုးပြီးစီးခဲ့သည်။

စိုက်ပျိုးခဲ့သည့် အပင်များတွင် ချယ်ရီပင်၊ ငုဝါပင်၊ စိန်ပန်းပင်၊ စိန်ပန်းနီပင်၊ စိန်ပန်းပြာပင်၊ ရေသင်းဝင်ပင်နှင့် ပန်းတောက်ပင်များ အဓိကပါဝင်ပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လမ်းဘေးရှုခင်းများ ပိုမိုလှပစေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို စိမ်းလန်းစိုပြေစွာ ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စိုက်ပျိုးထားသည့် အပင်များကို အိမ်မွေးတိရစ္ဆာန်များ၏ ဖျက်ဆီးမှုမှ ကာကွယ်နိုင်ရန်အတွက် အပင်တစ်ပင်ချင်းစီ၏ ပတ်ပတ်လည်တွင် အကာအရံများ ပြုလုပ်ထားရှိပါသည်။ယင်းစိုက်ပျိုးရေးလုပ်ငန်းများတွင် ဒေသခံမိဘပြည်သူများကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး စိမ်းလန်းသာယာသော လူနေမှုပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြသည်။
အလားတူ ဇွန်လ (၅) ရက်နေ့ နမ့်ခမ်းမြို့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် PSLF/TNLA ၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာန (LFCD)၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ (TEM) နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၇၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြသည်။
ထို့အပြင် ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ နမ္မတူမြို့နယ်ရှိ ခိုဖိတ်ကျေးရွာ၊ မိုင်းဆင်ကျေးရွာနှင့် ဘော်တွင်းကျေးရွာများအကြား လမ်းပိုင်းတစ်လျှောက်တွင် PSLF/TNLA ၏ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၂,၀၀၀) ကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်သည်။
ယခုကဲ့သို့ သစ်ပင်နှင့် ပန်းပင်များ စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေး၊ မြေဆီလွှာထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံမိဘပြည်သူများအနေဖြင့် စိုက်ပျိုးထားသည့် အပင်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် တိုက်တွန်းအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ