1917

နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့နယ်များတွင် ကလေးငယ် (၅၅၆၂) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၃၁) ဦးအား ကာကွယ်ဆေးထိုးနှံမှု အောင်မြင်စွာပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
06 June 2026

နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့နယ်များတွင် ကလေးငယ် (၅၅၆၂) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၃၁) ဦးအား ကာကွယ်ဆေးထိုးနှံမှု အောင်မြင်စွာပြီးစီး

နမ့်ဆန်၊ ဇွန်လ ၆ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်၊ နမ့်ဆန်ခရိုင်နှင့် မန်တုံခရိုင်အတွင်းရှိ နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့နယ်များတွင် အသက် (၁၀) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ ကလေးငယ် (၅၅၆၂) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၃၁) ဦးအား အောင်မြင်စွာ ထိုးနှံပြီးစီးခဲ့သည်။
 
နမ့်ဆန်မြို့နယ်တွင် ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ နမ့်ဆန်ပြည်သူ့ဆေးရုံ၌ အသက် (၁၀) နှစ်အောက် ကလေးငယ် (၄၁၈၄) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၁၈) ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။
 
အလားတူ နမ္မတူမြို့နယ်တွင် မေလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ နမ္မတူပြည်သူ့ဆေးရုံ၌ အသက် (၅) နှစ်အောက် ကလေးငယ် (၈၈၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၅) ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး မန်တုံမြို့နယ်တွင်လည်း မေလ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အထိ မန်တုံမြို့ဆေးရုံကြီး၌ အသက် (၅) နှစ်အောက် ကလေးငယ် (၄၈၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၈) ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။
 
ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများမှာ BCG Vaccine (ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး)၊ IPV Vaccine (ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး)၊ Pentavalent Vaccine (ငါးမျိုးစပ် ကာကွယ်ဆေး)၊ MMR Vaccine (ဝက်သက်၊ ဂျိုက်သိုးနှင့် ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး)၊ JE Vaccine (ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး) နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Td Vaccine (မေးခိုင်နှင့် ဆုံဆို့နာ ကာကွယ်ဆေး) တို့ဖြစ်ကြသည်။
 
ယင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ကာ ကျန်းမာစွာ ကြီးပြင်းဖွံ့ဖြိုးလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားပါသည်။
 
တအာင်းကျန်းမာရေးအဖွဲ့အစည်း (THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) တို့အနေဖြင့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့နယ်များတွင် ကလေးငယ် (၅၅၆၂) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၃၁) ဦးအား ကာကွယ်ဆေးထိုးနှံမှု အောင်မြင်စွာပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်