နမ့်ဆန်မြို့တွင် အသက် (၁၀)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးလာရောက်ထိုးနှံပေးရန် တအာင်းပြည် ကျန်းမာရေးကောင်စီ THC နှင့် THO တိုက်တွန်း
နမ့်ဆန်၊ မေလ ၂၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) တို့ ပူးပေါင်း၍ အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို တအာင်းပြည် နမ့်ဆန်ဆေးရုံကြီးတွင် မေလ (၂၅) ရက်နေ့မှ စတင်၍ မေလ (၂၉) ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်များအား THO မှ ဦးဆောင်၍ ထိုးနှံပေးသွားမည်ဖြစ်သည်။

ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးများမှာ BCG Vaccine (ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး)၊ IPV Vaccine (ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး)၊ Pentavalent Vaccine (ငါးမျိုးစပ် ကာကွယ်ဆေး ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (B ပိုး) နှင့် ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ)၊ MMR Vaccine (ဝက်သက်၊ ဂျိုက်သိုးနှင့် ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး)၊ JE Vaccine (ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး) နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Td Vaccine (မေးခိုင်နှင့် ဆုံဆို့နာ ကာကွယ်ဆေး) တို့ဖြစ်ကြသည်။

ယင်းကာကွယ်ဆေးထိုးနှံမှုအစီအစဉ်သည် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်နိုင်စေရန်၊ ပုံမှန်ဖွံ့ဖြိုးကြီးထွားလာစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု ကောင်းမွန်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ကြောင့် အသက် (၁၀) နှစ်အောက် ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များရှိပါက မိဘပြည်သူများအနေဖြင့် အချိန်မီ လာရောက်ထိုးနှံပေးကြရန် တအာင်းကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။
အလားတူ တအာင်းပြည်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့များတွင်လည်း THO နှင့် THC တို့ ပူးပေါင်း၍ ကလေးငယ်များအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင်လည်း THC မှ မိုင်းငေါ့မြို့တွင် (၃) ရက်တာကာလအတွင်း အသက် (၅) နှစ်အောက် ကလေးငယ် (၁၉၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၆) ဦးအား BCG Vaccine၊ IPV Vaccine၊ Pentavalent Vaccine၊ MMR Vaccine နှင့် Td Vaccine အပါအဝင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကလေးသူငယ်များအား အချိန်မီ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပြီး ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း တအာင်းကျန်းမာရေးဌာနမှ အသိပေးထားပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
Facebook Official - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ