1884

တအာင်းဒေသ လက်ဖက်တန်ဖိုးမြှင့်တင်ရေးအတွက် နမ့်ဆန်တွင် ပထမအကြိမ် နိုင်ငံတကာလက်ဖက်နေ့ ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2026

တအာင်းဒေသ လက်ဖက်တန်ဖိုးမြှင့်တင်ရေးအတွက် နမ့်ဆန်တွင် ပထမအကြိမ် နိုင်ငံတကာလက်ဖက်နေ့ ကျင်းပ

နမ့်ဆန်၊ မေလ ၂၂ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် ပထမအကြိမ်အဖြစ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လက်ဖက်နေ့ (International Tea Day) အခမ်းအနားကို ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ ဦးဆောင်မှုဖြင့် ယမန်နေ့ မေလ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။



အခမ်းအနားသို့ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ (၁) ဒီဒီမိုခမ်း၊ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း နာယက ဦးအောင်ကြီး၊ ဥက္ကဌ ဦးအောင်နိုင်ဝင်း၊ လက်ဖက်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။



ယခုကဲ့သို့ နမ့်ဆန်မြို့တွင် ပထမဆုံးအကြိမ် နိုင်ငံတကာလက်ဖက်နေ့ကို ကျင်းပနိုင်ခြင်းမှာ တအာင်းဒေသ၏ အဓိကဒေသထွက် ထုတ်ကုန်ဖြစ်သည့် လက်ဖက်၏ တန်ဖိုးနှင့် ဈေးကွက်အလားအလာများကို ပိုမိုဖော်ထုတ်မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။



ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ နာယက ဦးအောင်ကြီးက “လက်ဖက်သည် တအာင်းလူမျိုးတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အသက်မွေးဝမ်းကျောင်းဘဝတို့နှင့် နီးကပ်စွာ ဆက်စပ်နေသည့် အရေးပါသော သယံဇာတတစ်ခုဖြစ်ပါသည်။ နမ့်ဆန်တွင် ပထမဆုံးအကြိမ် နိုင်ငံတကာလက်ဖက်နေ့ကို ကျင်းပခြင်းအားဖြင့် ဒေသထွက်လက်ဖက်၏ တန်ဖိုးကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် ပြည်တွင်းပြည်ပဈေးကွက်များသို့ ပိုမိုထိုးဖောက်နိုင်ရန် ရည်ရွယ်ပါသည်” ဟု ပြောကြားခဲ့သည်။



အခမ်းအနားတွင် နာယက ဦးအောင်ကြီးက နိုင်ငံတကာလက်ဖက်နေ့၏ နောက်ခံသမိုင်းကြောင်းနှင့် လက်ဖက်ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းဥက္ကဌ ဦးအောင်နိုင်ဝင်းက တအာင်းဒေသရှိ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။



ထို့ပြင် လက်ဖက်စို၊ ဒယ်အိုးလှော်လှန်း၊ Green Tea စသည့် လက်ဖက်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး လက်ဖက်ပညာရှင်များက ဒိုင်အဖြစ် အကဲဖြတ်ကာ ဆုများချီးမြှင့်ပေးခဲ့ကြသည်။



အခမ်းအနားအတွင်း တအာင်းဒေသရှိ လက်ဖက်ကုမ္ပဏီများက လက်ဖက်ခြောက်၊ Green Tea၊ Red Tea၊ အချိုခြောက်၊ လက်ဖက်စို၊ လက်ဖက်နှပ်နှင့် လက်ဖက်ညွှန့်စသည့် ဒေသထွက်လက်ဖက်ထုတ်ကုန်မျိုးစုံကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသူများအား ဒေသထွက်လက်ဖက်များ၏ အရသာနှင့် အရည်အသွေးများကို လေ့လာမြည်းစမ်းနိုင်စေခဲ့သည်။



နိုင်ငံတကာလက်ဖက်နေ့ကို နှစ်စဉ် မေလ (၂၁) ရက်နေ့တွင် ကျင်းပလေ့ရှိပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ အခန်းကဏ္ဍ၊ လက်ဖက်လုပ်ငန်း၏ စီးပွားရေးအရေးပါမှုနှင့် လက်ဖက်ယဉ်ကျေးမှုများကို ပိုမိုအသိအမှတ်ပြုနိုင်ရန် ရည်ရွယ်၍ ကမ္ဘာတဝှမ်း ကျင်းပလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းဒေသ လက်ဖက်တန်ဖိုးမြှင့်တင်ရေးအတွက် နမ့်ဆန်တွင် ပထမအကြိမ် နိုင်ငံတကာလက်ဖက်နေ့ ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်