နမ့်ဆန်မြို့တွင် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉)သင်တန်းဖွင့်ပွဲ ဖွင့်လှစ်ကျင်းပပြီးစီး
နမ့်ဆန်၊ မေလ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဦးဆောင်ဖွင့်လှစ်သည့် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နမ့်ဆန်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဒုဗိုလ်မှူးကြီး တားပန်ဟိုက်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို တာဝန်ခံ ဗိုလ်အုန်းကျော်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းသင်တန်းတွင် သင်တန်းသား (၂၄) ဦးနှင့် သင်တန်းသူ (၁၁) ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁) လကြာမြင့်မည်ဖြစ်သည်။

ထို့ပြင် အခမ်းအနားသို့ PSLF/TNLA နမ့်ဆန်ခရိုင်မှူး ဒုဗိုလ်မှူးကြီး တားပန်ဟိုက်၊ နမ့်ဆန်မြို့နယ်မှူး ဗိုလ်နောင်ချို၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူ/သင်တန်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ချမှတ်ထားသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ လည်ပတ်နိုင်စေရန်နှင့် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်သူများအနေဖြင့် မိမိတို့၏ ရာထူး၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကာ စွမ်းဆောင်ရည်ပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ