1882

နမ္မတူမြို့တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးမည်

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2026

နမ္မတူမြို့တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးမည်

နမ္မတူ၊ မေလ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့နယ်တွင် တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) တို့ ပူးပေါင်း၍ အသက် (၅) နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို တအာင်းပြည် နမ္မတူဆေးရုံကြီးတွင် မေလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း THO မှ မေလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို အုပ်စုနှင့် ရပ်ကွက်အလိုက် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလ (၂၂) ရက်နေ့တွင် မြို့ဦး၊ အောင်သီရိ၊ ဘော်တွင်းအုပ်စု၊ မိုင်းဆင်အုပ်စု၊ ဆိုက်ခေါဝ်အုပ်စုနှင့် နမ့်တောင်းကုန်းအုပ်စုတို့မှ ကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်သည်။


 
ထို့ပြင် မေလ (၂၃) ရက်နေ့တွင် အောင်ရတနာ၊ ရွှေဘုံသာ၊ ဘော်တွင်းအုပ်စု၊ မိုင်းဆင်အုပ်စုနှင့် ဆိုက်ခေါဝ်အုပ်စုတို့မှ ကလေးငယ်များကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။  မေလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့များတွင် ရပ်ကွက် (၈)၊ အောင်ချမ်းသာ၊ မြို့မဈေး၊ ပန်လုံအုပ်စု၊ မန်စံအုပ်စု၊ မိုင်းရင်အုပ်စု၊ နားဆိုင်းအုပ်စု၊ အောင်မင်္ဂလာနှင့် ရွှေမြင်းသာအုပ်စုတို့မှ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။


 
နောက်ဆုံးရက်ဖြစ်သည့် မေလ (၂၆) ရက်နေ့တွင် သတ်မှတ်ထားသည့် ရက်များအတွင်း လာရောက်ထိုးနှံနိုင်ခြင်းမရှိသေးသည့် ဒေသခံများအနေဖြင့် လာရောက်ထိုးနှံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကာကွယ်ဆေး လာရောက်ထိုးနှံမည့် မိဘပြည်သူများအနေဖြင့် မိမိတို့ကလေး၏ မွေးစာရင်း (သို့မဟုတ်) မွေးလက်မှတ်နှင့် ကာကွယ်ဆေးထိုးကတ်ပြားကို တစ်ပါတည်း ယူဆောင်လာမည် ဖြစ်သည်။
 
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင်လည်း Ta'ang Land Health Council (THC) မှ မိုင်းငေါ့မြို့တွင် (၃) ရက်တာကာလအတွင်း အသက် (၅) နှစ်အောက် ကလေးငယ် (၁၉၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၆) ဦးအား BCG Vaccine၊ IPV Vaccine၊ Pentavalent Vaccine၊ MMR Vaccine နှင့် Td Vaccine အပါအဝင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။


 
ကလေးသူငယ်များအား အချိန်မီ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပြီး ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း တအာင်းကျန်းမာရေးဌာမှ အသိပေးထားပါသည်။


 #PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးမည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်