တအာင်းပညာရေးအကယ်ဒမီ-TEA ၏ ဘွဲလွန်ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းကျောင်း PGDTEd အပတ်စဉ်(၁) သင်တန်းဖွင့်လှစ်
နမ့်ဆန်၊ ဧပြီ ၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်ပညာရေးကောင်စီ (TLEC)မှ ဦးဆောင်ဖွင့်လှစ်ထားသည့် တအာင်းပညာရေးအကယ်ဒမီ- (Ta’ang Education Academy -TEA)၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဘွဲလွန်ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းကျောင်း အပတ်စဉ်(၁)ကို မတ်လ (၂၂)ရက်နေ့တွင် ကျောင်းဘွဲနှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ အခမ်းအနားဖွင့်လှစ်နိုင်ခဲ့သည်။

ပညာရေးအရည်အသွေး မြှင့်တင်ရေးအတွက် ဖွင့်လှစ်ထားသည့် တအာင်းပညာရေးအကယ်ဒမီ (TEA) ၏ ဘွဲလွန် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းတွင် သင်တန်းသား (၁၀) ဦးနှင့် သင်တန်းသူ (၅၀) ဦး စုစုပေါင်း (၆၀) ဦး တက်ရောက်လျက်ရှိပြီး မတ်လမှ သြဂုတ်လအထိ (၆) လကြာ သင်ကြားပိုချသွားမည်ဖြစ်သည်။

သင်တန်းကာလအတွင်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ အနုပညာ၊ ဒေသဆိုင်ရာသင်ရိုး၊ ကာယပညာ၊ သတင်းအချက်အလက်နှင့် နည်းပညာ (ICT)၊ တအာင်းရုံးသုံးစာနှင့် English 4 Skills စသည့် ဘာသာရပ်များကို အဓိက သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ ဘွဲလွန်ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း အပတ်စဉ် (၁) ကို အောင်မြင်စွာ ပြီးဆုံးပါက သင်တန်းသားများသည် တအာင်းပြည်အတွင်းရှိ စာသင်ကျောင်းအသီးသီးတွင် အထက်တန်းပြ ဆရာ/မများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ပညာရေးဖွံဖြိုးတိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် တအာင်းပညာရေးအကယ်ဒမီ (TEA) ၌ ဆရာအတတ်ပညာ ဒီပလိုမာ အပတ်စဉ် (၃) ကိုလည်း သင်တန်းသူ/သား (၅၄) ဦးဖြင့် နှစ်နှစ်တာကာလအတွင်း စနစ်တကျ သင်ကြားပိုချလျက်ရှိသည်။
ထိုအပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆရာအတတ်ပညာ ဒီပလိုမာ အပ်နှင်းပွဲခမ်းအနား၌ သင်တန်းသူ/သား စုစုပေါင်း (၁၁၇) ဦးအား အောင်မြင်စွာ ဒီပလိုမာလက်မှတ်များ ပေးအပ်နိုင်ခဲ့ပါသည်။
ပညာရေးသည် လူ့အသိုင်းအဝိုင်း တိုးတက်ဖွံဖြိုးရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ပြီး အရည်အသွေးမြင့် ပညာရေးကို ရရှိနိုင်ရန် ဆရာ/ဆရာမများ၏ စွမ်းရည်နှင့် တာဝန်ယူမှုသည်လည်း အရေးပါလှသည်။ သင်ကြားပိုချမှု အရည်အသွေးကောင်းမွန်ခြင်းသည် သင်တန်းသူ၊သင်တန်းသားများ၏ အသိပညာနှင့် အရည်အချင်းများကို တိုက်ရိုက် အကျိုးသက်ရောက်စေနိုင်သဖြင့် ဆရာ/ဆရာမများ၏ အတတ်ပညာမြှင့်တင်ရေးကိုလည်း ဆက်လက် အားပေးမြှင့်တင်ရမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ