ပြည်သူလူထုများအနေဖြင့် ပူပြင်းခြောက်သွေ့ရာသီရောက်ရှိလာပြီးဖြစ်သောကြောင့် မီးဘေးအန္တရာယ် အထူးသတိပြု ကြိုတင်ကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း
နမ့်ဆန်၊ ဖေဖော်ဝါရီ ၂၀ ရက်
တအာင်းပြည်သတင်း
မီးဘေးအန္တရာယ်သည် လူ့အသက်နှင့် အိုးအိမ်စည်းစိမ်ဥစ္စာများကို အလွန်ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သည့် အန္တရာယ်တစ်ရပ်ဖြစ်သည်။ ရန်သူမျိုးငါးပါးတွင် ပါဝင်သည့် မီးဘေးသည် လူ့ဘဝနှင့် စည်းစိမ်ဥစ္စာများကို တဒင်္ဂမျှအတွင်း ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် အန္တရာယ်ကြီးတစ်ရပ်ဖြစ်သည်။ သူခိုးဓားပြ လက်တွင် ပါသွားသည့် စည်းစိမ်အချို့ ပြန်လည်ရှာဖွေစုဆောင်းနိုင်သော်လည်း မီးဘေးကြုံတွေ့ပါက အိုးအိမ်ပစ္စည်းများ အလုံးစုံ ပျက်စီးဆုံးရှုံးနိုင်သည်။

မီးဘေးကို လူအများသိရှိကြသော်လည်း ပေါ့လျော့မှုနှင့် သတိမမူမှုများကြောင့် ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကို အထူးသတိပြုကာ ကြိုတင်ကာကွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။


တအာင်းပြည်ဒေသအတွင်း ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း နမ့်ဆန်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်နှင့် မိုင်းယော်မြို့နယ်တို့တွင် မီးလောင်မှုစုစုပေါင်း (၇၁) ကြိမ် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့သည့် မီးလောင်မှုများအနက် အများစုမှာ ပြည်သူလူထုနေအိမ်များနှင့် ကျောင်းဆောင်များဖြစ်ကြပြီး ပစ္စည်းဆုံးရှုံးမှု စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၂၉၅၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။ မီးဘေးကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများသာမက လူမှုဘဝအပေါ် ထိခိုက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

မီးလောင်မှုများ ဖြစ်ပွားချိန်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး (PSLF/TNLA) ၏ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်း၍ မီးလောင်ရာနေရာများသို့ သွားရောက် မီးငြိမ်းသတ်ခဲ့ပါသည်။ အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထပ်မံကူးစက်လောင်ကျွမ်းမှုများကို ထိန်းချုပ်နိုင်ခဲ့ပါသည်။
မီးလောင်မှုအများစုမှာ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ခြင်း၊ ဘက်ထရီအိုး ပေါက်ကွဲခြင်း၊ ဆိုလာပြား မီးလောင်ခြင်း၊ မီးကြွင်းမီးကျန် မငြိမ်းသတ်နိုင်ခြင်းနှင့် ပေါ့ဆမီးကြောင့် ဖြစ်ပွားမှုများ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် အသုံးပြုနေသော ဘက်ထရီအိုးများ၊ ဆိုလာပြားများ၊ လျှပ်စစ်လိုင်းများ ပုံမှန်စစ်ဆေးခြင်း၊ မီးကြွင်းမီးကျန် ငြိမ်းသတ်ခြင်း၊ မီးဖိုအသုံးပြုပြီးနောက် မီးပိတ်ထားခြင်း စသည့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များကို အထူးဂရုပြုလိုက်နာကြရမည် ဖြစ်သည်။
မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီမှ အသိရှိရှိ၊ သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မီးသတ်တပ်ဖွဲ့များထံ အမြန်ဆုံး အကြောင်းကြား ၍ ပူးပေါင်းကူညီကြရန် လိုအပ်ပါသည်။
မီးသည် အသိမရှိသော်လည်း လူသည် အသိရှိသည်။ ထို့ကြောင့် မီးနှင့်ပတ်သက်လာပါက ပေါ့ဆမှု မရှိစေရန် လူတိုင်း သတိထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ရာသီဥတု ပူပြင်းခြောက်သွေ့လာသည့် ယနေ့ကာလတွင် မီးဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံးဖြစ်ပြီး၊ မီးဘေးရှောင် မလောင်ခင်ကတားနိုင်ရန်နှင့် ပေါ့ဆမီး မဖြစ်စေရန် သတိပြုဆင်ခြင်၍ ပူးပေါင်းကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ