PSLF/TNLAတအာင်းပြည် ရဲတပ်ဖွဲ့၏ စခန်းမှူးသင်တန်းနှင့် ရုံးပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး
နမ္မတူ၊ ဒီဇင်ဘာ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ ဦးစီးဖွင့်လှစ်ခဲ့သည့် စခန်မှူးသင်တန်း အပတ်စဥ်(၂)နှင့် ရုံးပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၅)ရက်နေ့ နံနက် (၉း၀၀)နာရီမှ မွန်းလွဲ (၁၂း၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင်PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်မှ “တအာင်းပြည်တွင် ဖြစ်ပျက်နေသည့်ပြဿနာများကို တအာင်းပြည်ရဲတပ်ဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ အကျင့်ပျက်ခြစားမှုများကိုလည်းအချိန်နှင့်တပြေညီ အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ရန်နှင့် ဘက်လိုက်မှုမရှိဘဲပြည်သူများအတွက် ရဲတပ်ဖွဲ့သည် ရှေ့ဆောင်လမ်းပြဖြစ်ရမည်”ဟု အမှာစကားပြောကြားခဲ့သည်။
ထိုအပြင်တအာင်းပြည် ရဲတပ်ဖွဲ့အနေဖြင့် တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများ၏ လုံခြံရေး၊ အေးချမ်းသာယာနေထိုင်ရေး၊ သူခိုး၊ ဓားပြမှုပပျောက်ရေး ဖြစ်ပေါ်လာခဲ့သည့် အမှုများလည်း ငယ်သည်အမှု ပပျောက်သွားအောင်နှင့် ကြီးသည်အမှု ငယ်သွားအောင် ကြိုးစားလုပ်ဆောင်သွားရမည်ဟု ထပ်မံပြောကြားခဲ့သည်။
၎င်းနောက် ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူးဗိုလ်မှူးချုပ်တားဂူ;ဇာရ်၊ PSLF/TNLA ရဲချုပ် ဗိုလ်မှူးကြီးတားကုင်ခြီရ်၊ ဗိုလ်မှူးကြီးတားတံင်ရိူန်းနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး ဗိုလ်ကြီးယေကာတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီးသင်တန်းအတွင်းမှ ထူးချွန်အောင်မြင်သောကျောင်းသားများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အဆိုပါစခန်းမှူးသင်တန်း အပတ်စဥ်(၂)ကို ပြီးခဲ့သည့်စက်တင်ဘာ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအားဖြင့် (၃)လကျော်ကြာမြင့်ခဲ့ပါသည်။ ထိုသင်တန်းတွင် ရဲလုပ်ထုံးလုပ်နည်း၊ မှုခင်းဆိုင်ရာဆေးပညာရပ်၊ ရာဇသတ်ကြီးဥပဒေနှင့်ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ စသည့်ဘာသာရပ်များသင်ကြားပေးခဲ့သည်။
အလာတူရုံးလုပ်ငန်းအလုပ်သင် အပတ်စဉ်(၂)လည်း ပြီးခဲ့သည့် စက်တင်ဘာ (၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလအားဖြင့် (၃)လနီးပါးကြာမြင့်ခဲ့ပါသည်။ ထိုသင်တန်းတွင် သင်တန်းသား (၁၄)ဦးနှင့် သင်တန်းသူ (၃၂)ဦးတို့ တက်ရောက်သင်ကြားခဲ့ပြီး ကွန်ပျူတာ၊ ရုံးလုပ်ငန်းများ၊ လူသားအရင်းအမြစ်စီမံခန့်ခွဲမှု၊ အမျိုးသမီးခေါင်းဆောင်မှု၊ ရဲကျင့်ဝတ်၊ ProjectManagement၊ Office Management၊ Presentatingနှင့် မှတ်ပုံတင်စသည့်ဘာသာရပ်များကို သင်ကြားခဲ့ရပါသည်။
အဆိုပါသင်တန်းပြီးမြောက်သွားသည့်သင်တန်းသား/သူများအနေဖြင့် ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင်ဗိုလ်ချုပ်တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး၊ ရဲချုပ်၊ တအာင်းပြည်ရဲတပ်ဖွဲ့များ၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်းလူဦးရေ (၁၁၄)ဦးကျော်တက်ရောက်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ