တအာင်းတပ်မတော်-TNLA၏ အခြေခံစစ်သင်တန်းဆင်းပွဲကို ဗိုလ်မှူးချုပ် တားနောရိူန်းနှင့် ဗိုလ်မှူးကြီး တားပန်လမှတက်ရောက်
နမ့်ဆန်၊ ဒီဇင်ဘာ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ အခြေခံစစ်သင်တန်းအပတ်စဥ် (၆၈) သင်တန်းဆင်းပွဲကို တအာင်းပြည်တွင် ဒီဇင်ဘာ (၅)ရက်နေ့ နံနက်ပိုင်းအချိန်၌ ကျင်းပပြုလုပ်ခဲ့ပြီး စစ်သင်တန်းဆင်းပွဲကို ဗိုလ်မှူးချုပ် တားနောရိူန်းနှင့် ဗိုလ်မှူးကြီး တားပန်လတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၏ စစ်ဦးစီးအရာရှိချုပ်ဗိုလ်မှူးချုပ် တားနောရိူန်းမှ "PSLF/TNLA၏ သမိုင်းအကြောင်းကို ပြန်ကြည့်ရရင် လွန်ခဲ့သည့် (၁၉၆၃)နှစ်တွင် စတင်သန္ဓေခဲ့ခြင်းသည် (၆၃)နှစ်ပြည့်တော့မည်ဖြစ်သည်။ သင်တန်းဆင်းမည့် သင်တန်းသားများအနေဖြင့် မိမိတို့ကျရာတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်သွားရမည်။ လက်ရှိကျွန်တော်တို့ အုပ်ချုပ်ထားသည့် တအာင်းပြည်အတွင်းရှိ မိဘပြည်သူများကိုလည်း အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်ရှိကြသည်"ဟု အမှာစကားပြောကြားခဲ့သည်။
ထိုအပြင် PSLF/TNLA၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပန်လမှ "ယခင်တွင် ကျွန်တော်တို့တအာင်းလူမျိုးသည် အခြားလူမျိုးကြီးဝါဒ၏ ဖိနှိပ်မှုဒဏ်အောက်တွင် အလူးလူးအလဲလဲ ခံခဲ့ရသည်။ ကျွန်တော်တို့ မိသားစုဝင်၊ မြို့/ရပ်ရွာကို တစ်ဦးတစ်ယောက်ပဲ ကာကွယ်နိုင်ခြင်းမရပေ။ ကျွန်တော်တို့အားလုံး စုပေါင်းပါဝင်ပြီး ကာကွယ်သွားခြင်းမှသာ လူမျိုးနှင့် ရန်သူ (၅)မျိုးကို ကာကွယ်နိုင်မည်ဖြစ်သည်။ ဒါကြောင့် ကျွန်တော်တို့ ကျရာလုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း"ဟု မှာကြားခဲ့သည်။
ထို TNLA၏ အခြေခံစစ်သင်တန်းအပတ်စဥ် (၆၈) သင်တန်းကို သင်တန်းကာလအတွင်း စစ်ဆင်းရေးနှင့် ရှေ့တန်းတွင် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးခဲ့ကာ သင်တန်းကာလတွင် (၃)လကြာ ကြာမြှင့်ခဲ့ပါသည်။ ၎င်းသင်တန်းတွင် သင်တန်းသား စုစုပေါင်း ဦးရေ (၅၄၃) ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။
ထိုနောက် အခြေခံစစ်သင်တန်းသင်ကြားပြီးမြောက်သွားသော သင်တန်းသား (၅၄၃)ဦးရေကို PSLF/TNLA၏ ဌာနဆိုင်ရာဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ တပ်ရင်းတပ်မဟာများ၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့သည်။ သင်တန်းကာလအတွင်း
အခြေခံစစ်သင်တန်းတွင် ထူးချွန်သူ၊ သေနတ်ပစ်ထူးချွန်သူနှင့် သေနတ်တပ်ဆင်ဖြုတ်ထူးချွန်ဆု ရရှိထားသည့်သင်တန်းသားများကိုလည်း ဆုပေးအပ်ချီးမြင့်ခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇွန်လတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ အခြေခံစစ်သင်တန်းအပတ်စဥ် (၆၇)တွင် သင်တန်းသူ/သင်တန်းသား (၈၂၂)ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ