မိုင်းတတ်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လယ်ဧက(၄၆)ကျော် ပျက်စီးဆုံးရှုံးခဲ့
တအာင်းပြည်၊ နိုဝင်ဘာလ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊နမ္မတူခရိုင် နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လယ် (၄၆)ဧကကျော် ထိခိုက် ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်နေ့မှ (၇)ရက်နေ့ထိ ရာသီဥတုဘေးဒဏ်ကြောင့် မိုင်းတတ်ကျေးရွာရှိ ဒေသခံများ၏ လယ်ယာဧက စုစုပေါင်း (၄၆) ဧကကျော်အား ရေနစ်မြုပ်ပျက်စီး ဆုံးရှုံးသွားခဲ့သည်။
၎င်းဒေသခံ လူဦးရေ(၂၆)ဦး၏ စိုက်ပျိုးသီးနှံ့များဖြစ်ကြသည့် စပါး(၁၂)ဧက၊ ပြောင်း(၂၂)ဧက၊ ပဲ(၁၁) ဧကနှင့် နေကြာ(၂)ဧကတို့ ရေနစ်မြုပ်ပျက်စီးသွားခဲ့သည်။
(၇)ရက်ကြာ အဆက်မပြတ်ရွာသွန်းသော မိုးကြောင့် နမ္မတူနှင့် မိုင်းဘော်သို့ ဆက်သွယ်ထားသည့် မိုင်းတတ်တံတားလည်း ရေနစ်မြုပ်သွားခဲ့ပြီး တံတားပျက်စီးသွားသည်။ ယနေ့တွင် ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်မည် ဖြစ်သည်။
အလားတူ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့နယ်ရှိ ဟိုမောရေချောင်းတစ်လျှောက်တွင် ရေကြီးရေလျှံဖြစ်ပွားရာမှ ပြည်သူလူထုများ ရိတ်သိမ်းထားသည့် လယ်ယာစပါးဧကစုစုပေါင်း (၂၄)ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ