မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၁)ဦး၊ အမျိုးသမီး (၁)ဦးထိမှန်ဒဏ်ရာရ
မိုင်းလုံ၊ အောက်တိုဘာ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနံက် (၁:၃၃)နာရီအချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့နယ်၊ ပန်စံကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးလာရောက်ကြဲချခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၉)နှစ်အရွယ်ဆိုသူ မောင်ဆွေဆိုင် နှင့် အသက်(၃၅)နှစ်အရွယ် မထွေးဟန်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)အိမ်တို့ ထိခိုက်ပျက်စီးသွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ (၁)ရက်မှ (၂၁)ရက်ထိ လေကြောင်းဖြင့် မန်တုံမြို့တွင် (၂)ကြိမ်၊ ကျောက်မဲမြို့တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၆)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၃)ကြိမ်၊ မိုင်းလုံမြို့တွင် (၃)ကြိမ်၊ နမ့်ဆန်မြို့တွင် (၆)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၄)ကြိမ် စုစုပေါင်း (၃၄)ကြိမ်နှင့် ဒရုန်းဖြင့်ကျောက်မဲမြို့ကို (၁)ကြိမ်လာေရာက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁၀)ဦး၊ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၂၁)ဦးသေဆုံးခဲ့ရပြီး သံဃာတော် (၂)ပါး၊ ကလေး (၂၄)ဦး၊ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၁၈)ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၁၆၆)အိမ်၊စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကျောင်းဆောင် (၈)ဆောင်၊အဆောက်အဦး (၃)ဆောင်၊ ကြက်မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ဆိုင်ကယ် (၄)စီး၊ ကား (၁)စီးတို့ထိခိုက်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ