မိုးကုတ်တွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃)ဦးသေဆုံး၊ ကလေးအပါအဝင် ပြည်သူလူထု (၁၂)ဦးထိမှန်ဒဏ်ရာရ
မိုးကုတ်၊ အောက်တိုဘာ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃)ဦးသေဆုံးသွားခဲ့ပြီး ကလေးအပါအဝင် ပြည်သူလူထု (၁၂)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ နေ့လယ် (၂:၅၈)နာရီအချိန်၌ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့၊ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းတွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးလာရောက်ကြဲချခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂)နှစ်အရွယ် မမွန်သူ၊ အသက်(၆)နှစ် အရွယ် မခူသာနှင့် အသက် (၁၀)နှစ်အရွယ် မချာရှီးတို့ သေဆုံးခဲ့ပြီး ကလေးအပါအဝင် ပြည်သူလူထု (၁၂)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် (၁၁)အိမ်နှင့် ဖူဆယ်ကွင်း (1)ကွင်းတို့ထိမှန်ပျက်စီးသွားခဲ့ပါသည်။
ယခုလအောက်တိုဘာ (၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၆)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၃)ကြိမ်၊ မိုင်းလုံမြို့တွင် (၃)ကြိမ်၊ နမ့်ဆန်မြို့တွင် (၆)ကြိမ်၊ နမ္မတူမြို့တွင် (၆)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင်(၂)ကြိမ်တို့ စုစုပေါင်း (၃၃)ကြိမ်နှင့်ကျောက်မဲမြို့ကိုဒရုန်းဖြင့်(၁)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၂၀)ဦးသေဆုံးခဲ့ပြီးသံဃာတော်(၂)ပါး၊ ကလေး (၁၂)ဦး၊ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၁၈)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၅၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကျောင်းဆောင် (၈)ဆောင်၊မွေးမြူးရေးခြံ(၂)ခြံ၊ အဆောက်အဦး(၆)ခု၊ဆိုင်ခန်း(၅)ခန်း၊ကား(၁)စီးနှင့်ဆိုင်ကယ်(၄)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ