သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၁)ခုပျက်စီး
သီပေါ၊ အောက်တိုဘာလ ၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၁)ခု ပျက်စီးသွားခဲ့ပါသည်။
ယမန်နေ့ ည (၁၀း၁၅)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်တွင် ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကုမုဒြာဟိုတယ် ပျက်စီးဆုံးရှုံးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၃)ရက်နေ့တွင်လည်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် ပြည်သူလူထုရှိရာ ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
ယမန်နေ့ နံနက်ခင်းတွင်လည်း နမ္မတူမြို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီတပ်မှ ပေါင် (၅၀၀)ဗုံးကြဲချခဲ့သောကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးသေဆုံးသွားခဲ့သည့်အပြင် ကလေးငယ် (၁)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ထိမှန်ဒဏ်ရာရခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


မှတ်ချက်များ