နမ့်ခမ်းမြို့တွင် PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ မော်တော်ယာဥ်မှတ်ပုံတင်လိုင်စင်ပြုလုပ်ခြင်းရှိမရှိ စစ်ဆေးမှုပြုလုပ်
နမ့်ခမ်း၊ စက်တင်ဘာ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ မော်တော်ယာဥ်များအား မှတ်ပုံတင်လိုင်စင်များ ပြုလုပ်ခြင်းရှိမရှိ စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၂)ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့အထွက်နှင့် မြို့လယ်ဘုရားအနီးတွင် မော်တော်ယာဥ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးတပ်ဖွဲ့တို့နှင့်အတူ မော်တော်ယာဉ်များအား ယာဉ်လိုင်စင်ပြုလုပ်ထားခြင်းရှိမရှိ စစ်ဆေးမေးမြန်းပြီး မပြုလုပ်သေးပါက လာရောက်ပြုလုပ်ကြရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါဌာနမှ တအာင်းပြည် မိုးကုတ်၊ နမ့်ဆန်၊ နမ့်ခမ်းမြို့နယ်တို့တွင် မော်တော်ယာဉ် စုစုပေါင်း (၂၅၀၀)နီးပါး ပြုလုပ်ပြီးစီးနေပြီးဖြစ်သည်။ ထိုအပြင် ကျန်သည့်မြို့နယ်များလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ပထမဆုံးအနေဖြင့် ယာဥ်မှတ်ပုံတင်လိုင်စင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများနှင့် လုပ်ငန်းစဥ်အဆင့်ဆင့်များအား သတ်မှတ်သည့်အတိုင်း ဆောင်ရွက်မည်ဖြစ်သည်။
မော်တော်ယာဥ် မှတ်ပုံတင်ရန်လည်း ကားအမျိုးအစားအလိုက်ပေးသွင်းရမည့် အခွန်ငွေနှင့် ဝန်ဆောင်ခများသည် (၂)သိန်းကျပ်မှ (၅)သိန်းကျပ်အထိ ပေးဆောင်ရမည်။ အဆိုပါမော်တော်ယာဥ် မှတ်ပုံတင်လိုင်စင်များကို စီမံချက်ကာလအနေဖြင့် ၂ဝ၂၅ခုနှစ်၊ မေလ (၂၅)ရက်မှ ဒီဇင်ဘာလ (၃၁)ရက်အထိ (၆)လသာ ပြုလုပ်မည်ဖြစ်သည်။
၎င်းစီမံချက်ကာလကျော်လွန်သွားပါက ယာဥ်မှတ်ပုံတင်လိုင်စင် မတင်သေးသည့်ယာဥ်များအား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
တအာင်းပြည်ရှိ ယာဉ်များအား မှတ်ပုံတင်လိုင်စင်ပြုလုပ်ရခြင်းသည် မော်တော်ယာဉ်များနှင့် စပ်လျဉ်းသည့် ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်ပျောက်ဆုံးမှု အစရှိသည့် ပြဿနာများလျော့ကျပြီး၊ မော်တော်ယာဥ်များစနစ်တကျအသုံးပြုနိုင်ရန်အတွက် မော်တော်ယာဉ်ပိုင်ဆိုင်အသုံးပြုသူများအားလုံးမော်တော်ယာဥ် မှတ်ပုံတင်ပြီး၊ မော်တော်ယာဥ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင်များပြုလုပ်ပေးရန်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန




မှတ်ချက်များ